Pages

Wednesday, February 7, 2018

မိုးညှင်းမြို့နယ်တွင် ခရီးသည် တင်ယာဉ်ကို စစ်ဆေးရာ ခရီးသည်တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



မိုးညှင်း ၇-၂-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ ခရီးသွားတစ်ဦး၏ လွယ်အိတ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ်သိန်း ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် အမှတ် (၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နေလင်းနှင့် တပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့မ ရဲစခန်းမှ ရဲအုပ်ညွန့်လှိုင်ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် အတူ မိုးညှင်း မြို့နယ် နမ့်ပုတ်ကျေးရွာ အနီးရှိ မြို့အဝင်စစ်ဆေးရေး ဂိတ်တွင် စောင့်ဆိုင်းနေစဉ် ဖေဖော်ဝါရီ ၅ရက် နံနက် ၅နာရီက မန္တလေးမှ ဖားကန့်သို့ သွားမည့်"ကောင်းမြတ်ဟိန်း"ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ခရီးသည်အဖြစ် လိုက်ပါလာသည့် မင်းထိုက်နိုင် (ခ) ကျန်းယုန်စူး အိုးတန်းရပ်ကွက် မိုးကောင်းမြို့နေသူကို ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက် ငါးခွက်နှင့် ကော်ဘူးအတွင်းမှ ကာလတန်ဖိုးငွေကျပ် ၃၉၅၅ဝဝဝတန်ဖိုးရှိ ဘိန်းဖြူအမှုန့် ၅၆ ဒသမ ၅ ဂရမ်နှင့် အပြာရောင်ကပ်ခွာ အိတ်ဖြင့်ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၁၅၅ဝဝဝ တန်ဖိုးရှိ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၃၈၅ ပြားကိုရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းထိုက်နိုင် (ခ) ကျန်းယုန်စူးကို မိုးညှင်းမြို့မ ရဲစခန်းက မယ (ပ)၂၃/၂ဝ၁၈၊မူး/ စိတ်ပုဒ်မ-၁၅/၁၉ (က) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment