Pages

Friday, February 16, 2018

တောဆင်ရိုင်း အကောင်ရေများ လျော့နည်းလာမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် ၁ဝ နှစ်စီမံချက်ဖြင့် ဆောင်ရွက်သွားမည်



နေပြည်တော် ၁၆-၂-၂ဝ၁၈

မြန်မာ့ တောဆင်ရိုင်းကောင်ရေမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ထက်တစ်နှစ် လျော့နည်း လာနေသည်ဖြစ်၍ ၎င်းလျော့နည်းမှုနှင့် ဆင်စားကျက် မြေများဆုံးရှုံးခြင်းများ ကိုကာကွယ်ဖြေရှင်းနိုင်ရန် အတွက် ယခုနှစ်မှစ၍ မြန်မာ့ဆင်များ ထိန်းသိမ်းရေးလုပ်ငန်း စီမံချက် (၂ဝ၁၈-၂ဝ၂၇) ကို စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ၏ မူရင်းဒေသများနှင့် ဆင်ကျက်စား ရာနယ်မြေများ ကျဉ်းမြောင်းလာခြင်း၊ ဆင်နှင့်လူ ပဋိပက္ခများ ဖြစ်ပွားမှုများလာခြင်း၊ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် ဆင်၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုများကြောင့် ဆင်ရိုင်းကောင်ရေများ သိသိသာသာ လျော့ကျလာကြောင်း၊ ၎င်းဖြစ်စဉ်များ အများဆုံးဖြစ်ပွားသည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ရိုးမတို့တွင် အများဆုံး ဖြစ်ပွားကြောင်း၊ ထို့ကြောင့် ရှိရင်းစွဲ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ခေတ်စနစ် လိုအပ်ချက်အရ ပြန်လည်ဆန်းစစ်ပြီး အားနည်းချက်များ၊ လိုအပ်ချက်များကို သုံးသပ်ဖော်
ထုတ်၍ မြန်မာ့ဆင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်းနိုင်ရန် သိပ္ပံနည်းကျသုတေသန လေ့လာဆန်းစစ်ခြင်း တို့ကိုအခြေခံကာ မြန်မာနိုင်ငံ၏ ပထမဆုံးဆင် ထိန်းသိမ်းရေးစီမံ ချက်ကိုရေးဆွဲခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်မှစ၍ ၂ဝ၂၇ခုနှစ်ထိ ၁ဝ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံချက်တွင် အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် လေးရပ်ဖြစ်သည့် တောဆင်ရိုင်းများနှင့် ၎င်းတို့ ကျက်စားရာ နယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင် ပဋိပက္ခဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း၊ အိမ်မွေးဆင်များကို စီမံခန့်ခွဲခြင်းတို့ဖြစ်ပြီး မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (၂ဝ၁၈-၂ဝ၂၇) သည် မြန်မာနိုင်ငံတွင် ပထမဆုံးစီမံချက် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment