Pages

Monday, February 19, 2018

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအနောက်ခြမ်းကို တင်ဒါအောင်မြင်သည့် A1 ကုမ္ပဏီ စတင်လုပ်ကိုင်မည်



ရန်ကုန် ၁၉-၂-၂ဝ၁၈

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို လုပ်ငန်းလုပ်ကိုင်ရန် တင်ဒါကုမ္ပဏီနှစ်ခု ရွေးချယ်ပြီးဖြစ်ရာ ကနဦးအနေဖြင့် မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်းကို ဖေဖော်ဝါရီ ၂၁ ရက်တွင် တင်ဒါ အောင်မြင်သည့် A1 ကုမ္ပဏီကလုပ်ငန်းများ စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ရထားလမ်းပိုင်း၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲ လုပ်ဆောင်ပြီး ရထားလမ်းပိုင်း အရှေ့ခြမ်းတွင် ရွှေတောင်ကုမ္ပဏီက တင်ဒါအောင်မြင်ကာ ရထားလမ်းပိုင်း အနောက်ခြမ်း အတွက် A1 ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ဒီဇိုင်းရေးဆွဲထားပြီး ယင်းဒီဇိုင်းအတိုင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ဘူတာလမ်းအဆင့် မြှင့်တင်ခြင်း၊ အချက်ပြစနစ် တပ်ဆင်ခြင်း၊ ရထားတွဲ၌ လေအေးပေးစက်များ အသစ်တပ်ဆင်ခြင်း၊ ရထားလမ်းဘေးရှိ ပလက်ဖောင်းမြှင့်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အနောက်ခြမ်းအတွက် ဒီဇိုင်းကတော့ မြန်မာ့မီးရထားက ခွင့်ပြုထားတဲ့ ဒီဇိုင်းနဲ့ပဲ လုပ်ဆောင်ရမှာပါ။ အပိုင်း (၁) ကို အရင်စပြီးလုပ်ပါမယ်။ အဆင့်မြှင့်တင်တာတွေ လုပ်နေစဉ် ရထားပြေးဆွဲမှုကို မထိခိုက်အောင် စီစဉ်ထားပါတယ်''ဟု မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

ရထားလမ်းပိုင်း အနောက်ခြမ်း အပိုင်း (၁) တွင် တညင်းကုန်း ၊ အောင်ဆန်း၊ ဖော့ကန်၊ရွာမ၊ အင်းစိန်ဘူတာ၊ အပိုင်း(၂)တွင် အင်းစိန်၊ ကြို့ကုန်း၊ သမိုင်းမြို့သစ်၊ သမိုင်း၊အုတ်ကျင်း၊ သီရိမြိုင်၊ ကမာရွတ်၊ လှည်းတန်း၊ ဟံသာဝတီ၊ ကြည့်မြင်တိုင်ဘူတာ၊ အပိုင်း (၃) တွင် ကြည့်မြင်တိုင်၊ ပန်းလှိုင်လမ်း၊အလုံလမ်း၊ ရှမ်းလမ်း၊ ပြည်လမ်း၊ လမ်းမတော်နှင့် ဘုရားလမ်းဘူတာတို့ ပါဝင်သည်။

#Themyawadydaily

No comments:

Post a Comment