Pages

Tuesday, January 9, 2018

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက် နေသောကြောင့် အခေါက်ရွှေ အရောင်းအဝယ်ဖြစ်



ရန်ကုန် ၉-၁-၂ဝ၁၈

ဇန်နဝါရီ ပထမပတ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်းမြင့်တက် နေသောကြောင့် အခေါက်ရွှေ အရောင်းအဝယ် ဖြစ်နေကြောင်း ပြည်တွင်းရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာတတိယ ပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်၉၂ဝဝဝဝ ကျော်ရှိရာမှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီပထမပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၉၃၈ဝဝဝ အထိ ပေါက်ဈေးရှိလာကာ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ငွေကျပ် ၈၈၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။

''ရွှေဈေးတက်နေတော့ လက်ဝတ်ရတနာ ဝယ်တဲ့သူတွေ သိပ်မရှိဘူး။ ဘဏ်တွေက နေ့တွက်အတိုးလျှော့တော့ ရွှေတုံးတွေ အဝယ်လိုက်လာတယ်။ ဈေးကျတုန်းက ဝယ်ထားသူကလည်း ပြန်ရောင်းတော့ အခေါက်ရွှေက အရောင်းအဝယ် ဖြစ်နေတယ်''ဟု အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကပြောသည်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက် လာခြင်းကြောင့် ဖြစ်ပြီး ပြည်တွင်းငွေ လဲလှယ်နှုန်းနှင့် ဝယ်လိုအားမှာ အပြောင်းအလဲမရှိကြောင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းအပြင် ပြည်တွင်းမှ ရွှေထွက်နှုန်း နည်းနေခြင်းကြောင့်လည်း ရွှေဈေးနှုန်းမြင့်တက် နေရခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ဧပြီလကုန်က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၁ဝဝဝဝ အထိ မြင့်တက်ခဲ့ပြီး မေ ၁၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၉ဝဝဝဝ အထိ ပြန်လည်ကျဆင်းခဲ့ပြီး နောက် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၅၇၈ဝဝ အထိ ဈေးပေါက်ကာ အမြင့်ဆုံးဈေးဖြစ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment