Pages

Tuesday, January 2, 2018

မြေနီတောင် စေတီတော်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ပင့်ဆောင်စဉ်။


အေလာမြို့၊မြို့သစ်ဓမ္မရက္ခိတ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက် လာကြသူများရှစ်ပါးသီလခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများကပရိတ်ပန်း၊ ပရိတ်ရေ၊
ပရိတ်ချည်၊ပရိတ်သဲများအားစေတီတော် ဝတ္ထုကံနေရာတွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်စဉ်။

ဆရာတော်ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ရတနာစိန်ဖူးတော်အား ဆက်ကပ်လှူဒါန်းစဉ်။

ဆရာတော်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ဇနီး ရွှေထီးတော်အစိတ်အပိုင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ရွှေထီးတော်ဘုံအဆင့်ဆင့်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်စဉ်။

နေပြည်တော် ၂-၁-၂ဝ၁၈

လယ်ဝေးတပ်နယ်ရှိ နေပြည်တော်လေဆိပ်အနီး တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ိမလ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မှုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိ၊စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ိမလထံမှ ၈ ပါးသီလခံယူ ဆောက်တည်ကြပြီး မေတ္တသုတ် ပရိတ်တရားတော် များနာယူကြသည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော် ၀တ္တုကံနေရာတွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံ အဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များ ထံဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် အေလာမြို့၊ ဂိုဏ်းထောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏိဿရထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော် ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီးတော် ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွဋ်သို့ ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် ရွှေထီးတော် တင်လှူပူဇော် မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ဆက်လက်ပြီး သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါမြေနီတောင် စေတီတော်မြတ်ကြီးသည် နေပြည်တော်ကောင်စီ နယ်မြေ၊ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်ခန့် (ခရစ်သက္ကရာဇ် ၁၈၇၁) တွင်အလှူရှင်များ က တည်ထားကိုးကွယ်ခဲ့ပြီး ရွာနှင့်အနည်းငယ် အလှမ်းဝေးသဖြင့် ပြုပြင်မှုမရှိဘဲ ဆေးရောင်များလွင့်ပြယ်၍ ဘုရားငုတ်တိုသာကျန်ရှိခဲ့သည်။ ယခုအခါစေတီတော်ကြီးအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အလှူရှင်များစုပေါင်းကုသိုလ်ဖြင့် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံ၍ ထီးတော်တင်လှူပူဇော် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment