Pages

Tuesday, January 30, 2018

ပခုက္ကူထန်းအချောထည် စက်ရုံမှထုတ်လုပ်သော ထန်း ပါကေးပြားများကို ပြည်ပနိုင်ငံများက ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ



ပခုက္ကူ ၃ဝ-၁-၂ဝ၁၈

ပခုက္ကူ စက်မှုဇုန်အတွင်းရှိ ထန်းအချောထည် စက်ရုံမှ ထုတ်လုပ်ထားသော ထန်းပါကေးပြားများကို ပြည်ပနိုင်ငံများက ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ပခုက္ကူစက်မှုဇုန် 3 Season Furniture သစ်နှင့်ထန်းအချောထည် စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ ထန်းအချောထည်စက်ရုံမှ စွန့်ပစ်ထန်းများကို ခွဲစိတ်၍ အဆင့်မြင့်ထန်း ပရိဘောဂပစ္စည်း ထုတ်လုပ်ပေးလျက်ရှိရာ ယခုအခါ အဆိုပါစက်ရုံမှ အသစ်ထုတ်လုပ်သည့် ထန်းပါကေးပြားများကို အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များက ဇန်နဝါရီ စတုတ္ထပတ်က လာရောက်ကြည့်ရှု၍ အဆိုပါနိုင်ငံများသို့ သယ်ယူရောင်းချနိုင်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

"ပထမအဆင့်အနေနဲ့ စက်ရုံက ထွက်တဲ့ စားပွဲ၊ ကုလားထိုင်၊ ဆက်တီခုံ၊ ပြတင်းပေါက် စတဲ့ပရိဘောဂ ပစ္စည်းတွေကို ဒီဇင်ဘာလက ရန်ကုန် Show Room မှာ ပြသခဲ့ပါတယ်။ ပြီးတော့ဂျပန်နိုင်ငံနဲ့ ချိတ်ဆက်ပြီး ပြည်ပဈေးကွက် ကို စမ်းသပ်တင်ပို့ထားပါတယ်။ အခုတစ်ခါ ထန်းပါကေးပြားတွေကိုလဲ အိန္ဒိယနိုင်ငံနဲ့ ကိုရီးယားနိုင်ငံက အထူးနှစ်သက် ကြတဲ့အတွက် သေချာကြည့်ရှုစစ်ဆေးပြီး သူတို့နိုင်ငံဈေးကွက်ကို ရောင်းချဖို့ ကမ်းလှမ်းထားပါတယ်။ထန်းပါကေးပြား ပမာဏဟာ အလျား ကိုးလက်မ၊ အနံသုံးလက်မ၊ ထု တစ်လက်မအရွယ်အစား ရှိပါတယ်"ဟု စက်ရုံမန်နေဂျာ ဦးဆန်းဝင်းက ပြောပြသည်။

အဆိုပါစက်ရုံမှ ထုတ်လုပ်သော ထန်းပါကေးပြားများကို ဟိုတယ်၊ တိုက်ခန်း၊ ရုံးအဆောက်အအုံ များတွင်အဆင့်မြင့် ပါကေးကြမ်းခင်းအဖြစ် ခင်းနိုင်ပြီး ခန်းမမျက်နှာကြက်၊ နံရံများတွင်လည်း အလှဆင်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment