Pages

Monday, January 8, 2018

အလောင်းတော် ကဿပသို့သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-ဘုရား ရာသီလမ်းဖွင့်ပြီ




မုံရွာ ၈-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းရှိ အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-ဘုရား ရာသီလမ်းကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အလောင်းတော်ကဿပသို့ အချိန်မရွေးသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

အလောင်းတော်ကဿပ နယ်မြေသည် မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင် ၆ဝ ခန့်အကွာရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တည်ရှိ၍ တောတောင်အလွန်ကြီးမားသော အရပ်ဖြစ်သည့်အပြင် အာဆီယံအမွေအနှစ်စာရင်းဝင် အမျိုးသားဥယျာဉ်ကြီး တစ်ခုလည်း ဖြစ်သည်။ ခရီးသွားဧည့်သည်များ မြို့ပြအရိပ်အယောင်ကင်းပြီး တောတောင်တို့၏ သဘာဝရှုခင်းများကို မော်တော်ယာဉ် စီးနင်းကြည့်ရှုရင်း အလောင်းတော်ကဿပ ရုပ်ကလာပ် ဖူးမြော်နိုင်ကာ ခြေရာတော်၊ ရှင်သူငယ်ထွက်ပေါက်တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပြီး အမှတ်တရပစ္စည်းများ ကိုလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များဖြင့် အလောင်းတော် ကဿပသွားရာလမ်းကြောင်း တစ်လျှောက်တွင် အကွေ့၊ အကောက်အဆင်းများသည် လမ်းကြောင်း အခြေအနေအရ ယခင်နှစ်များနည်းတူ အလောင်းတော် ကဿပသို့ ၂၉ ပေအထက် မော်တော်ယာဉ်ကြီးများ၊ အင်ဂျင်ဆွဲအား နည်းသော ထော်လာဂျီနှင့် ခွေးဘီလူးယာဉ်ငယ်များ တက်ရောက်ခြင်းတို့ကို တားမြစ်ထားကြောင်း သိရသည်။

မုံရွာမြို့မှတစ်ဆင့် အလောင်းတော်ကဿပသို့ သွားရောက်လိုသည့် တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုလိုက် သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း သွားရောက်လိုသူများ အနေဖြင့် မုံရွာမြို့ ရုံးကြီးရပ်ကွက် ရွှေစည်းခုံဘုရား တောင်ဘက်ခြမ်း၌ ယာဉ်လိုင်းအသင်း ၁၉ သင်းမှ နေ့စဉ်နံနက် ၄ နာရီတွင် မှန်လုံယာဉ်ငယ်များ၊ မီနီဘတ်ယာဉ်ငယ်များဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment