Pages

Tuesday, December 26, 2017

မြစ်ငယ်-ထုံးဘို ဖြတ်လမ်းအနီး တိုးဂိတ်လာမည့် ဘဏ္ဍာနှစ်တွင် ပြောင်းရွှေ့သွားမည်



မန္တလေး ၂၆-၁၂-၂၀၁၇

ယာဉ်ကြောစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် မြစ်ငယ်ထုံးဘို ဖြတ်လမ်းအနီးရှိ တိုးဂိတ်ကိုလာမည့် ဘဏ္ဍာနှစ်တွင် ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် ကပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ဘီးခွန်ငွေ ကောက်ခံနေသည့် ရွှေကြက်ယက်ဂိတ်၊ အောင်ပင်လယ်ဂိတ်၊ ရွှေကျင်ဂိတ်နှင့် မြစ်ငယ်ဂိတ်တို့တွင် မြို့ဝင်ဘီးခွန်များ ကောက်ခံလျက်ရှိရာ ယခုလက်ရှိ ၎င်းဂိတ်များတွင် ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ယခင်ဂိတ်များအစား ဂိတ်အသစ်များကို နေရာပြောင်းရွှေ့ကာ ဆောက်လုပ်သွားရန် နေရာခုနစ်နေရာ လျာထားပြီးယခု လက်ရှိတွင်ယာဉ်ကြော စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် မြစ်ငယ်ထုံးဘို အနီးရှိတိုးဂိတ် ပြောင်းရွှေ့ရန် နေရာကိုလျာထားပြီး ဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိ မြစ်ငယ်-ထုံးဘို အနီးရှိတိုး ဂိတ်သည် မြို့ဝင်မြို့ထွက် ကား၊ ဆိုင်ကယ်များအပြင် ပြင်ဦးလွင်ဘက်မှ ဆင်းလာသည့် မော်တော်ယာဉ်များအပါအဝင် ယာဉ်အဝင်အထွက် ပိတ်ဆို့နေမှုကြောင့် ၎င်းဂိတ်ကိုမြစ်ငယ် တံတားအကျော်၌ ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်တွင် ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်းသိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် မြို့ဝင်ဂိတ်အသစ်များကို ခြောက်လမ်းသွား သို့မဟုတ်လေးလမ်းသွားအနီး မြေဧရိယာအကျယ်အဝန်း ပေ၃ဝဝ အကျယ်ရှိသည့် လမ်းများပေါ်တွင် မြို့ဝင်ဂိတ်အသစ်များကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ၎င်းမြို့ဝင်ဂိတ်အသစ်များ တည်ဆောက်ရန် လျာထားသည့် နေရာများမှာ ရွှေကျင်ဂိတ်အနီးတွင် တစ်ဂိတ်၊ ရွှေကြက်ယက်အောက် ဘက်တွင်တစ်ဂိတ်၊ စစ်ကိုင်းအမြန် လမ်းဘက်တွင် တစ်ဂိတ်၊ မြစ်ငယ်အထွက်တွင် တစ်ဂိတ်နှင့် အခြားကျန်ရှိနေသည့် ဂိတ်အသစ်သုံးခုကိုလည်း မြေအနေအထား ပေါ်မူတည်၍ ဆန်းစစ်မှုများပြုလုပ်ကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment