Pages

Tuesday, December 26, 2017

ဆင်စွယ်ရောင်းဝယ်မှုကို ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်း များကြောင့် ကမ္ဘာပေါ်တွင် ဆင်ကောင်ရေနှင့် ဆင်ကျက်စားရာဒေသများ လျော့နည်းလာ



နေပြည်တော် ၂၆-၁၂-၂၀၁၇

ဆင်စွယ်များ ရောင်းဝယ်မှုကို နိုင်ငံတကာက ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်းများ ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ဆင်ကောင်ရေများ လျော့နည်းလာပြီး ဆင်များကျက်စား ရာနေရင်း ဒေသများလည်း လျော့နည်းလာကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

ဆင်သည် ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက် သတ္တဝါများတွင် အကြီးမားဆုံးဖြစ်ပြီး အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ နှစ်မျိုးခွဲခြား နိုင်ကြောင်း၊ ၁၉ ရာစုအတွင်း ဆင်စွယ်ရောင်းဝယ် ဖောက်ကားမှု များပြားခဲ့သောကြောင့် ဆင်ကောင်ရေ သိသာစွာ လျော့နည်း လာခဲ့ကြောင်း၊ ဆင်စွယ်ရောင်းဝယ်မှုကို နိုင်ငံတကာက ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်းနှင့် ဆင်များ ကျက်စားရာနေရင်းဒေသများ လျော့နည်းလာမှုတို့ကြောင့်
ဆင်များကို သဘာဝတောများအတွင်း တွေ့ရှိရမှု နည်းပါးလာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်စွယ် ရောင်းဝယ်မှုများသည် ပိုမိုတွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေခြင်းကြောင့် ဆင်များသေကျေပျက်စီးခြင်းနှင့် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ယခုလက်ရှိအချိန်တွင် ဆင်များကို သတ်ဖြတ်မှုများနှင့် မှောင်ခိုလမ်းများမှ ရောင်းဝယ်မှု များရှိနေခြင်းတို့ကြောင့် ဆင်စွယ်ရောင်းဝယ်မှုများကို ဥပဒေတစ်ရပ်အဖြစ် ထုတ်ပြန်ပြီး ပြင်းထန်စွာအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုကိုယ်ထည်ကြီးမားသော စွမ်းအားရှင် ဆင်များအတွက် အစားအစာ ပေါများစွာလိုအပ်ပြီး ရှင်သန်ရပ်တည်ရန်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာရန်အတွက် ကျယ်ဝန်းသောနေရာရှိရန် လိုအပ်ကြောင်း၊ ဆင်များသည်အုပ်စုငယ် အဖြစ်တစ်မျိုး၊ အုပ်စုကြီးအဖြစ် တစ်သွယ်စုဖွဲ့နေထိုင်သော အလေ့အထရှိပြီး တစ်ရက်အတွင်း၌ပင် ကီလိုဂရမ် ရာပေါင်းများစွာသော အပင်အစိတ်အပိုင်းများကို စားသောက်နိုင်စွမ်း ရှိကြကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment