Pages

Friday, December 29, 2017

ပြင်ဦးလွင်မြို့ရှိ ရေပျံတောင်သဘာဝရေတံခွန် ခရီးသွားများကြား လူသိများလာ



ပြင်ဦးလွင် ၂၉-၁၂-၂ဝ၁၇

ပြင်ဦးလွင်မြို့၌ နာမည်ကျော်ကြား ထင်ရှားသော ရေတံခွန်များစွာရှိသည့် အနက် ရေပျံတောင်ရေတံခွန်သည် သဘာဝရေတံခွန်ကြီး တစ်ခုအပါအဝင်ဖြစ်ပြီး တောတောင်အထပ်ထပ်ကို အဆင့်ဆင့်ဖြတ်ကျော် စီးဆင်းလာကာ အလွန်လှပသော ရေတံခွန်ကြီးတစ်ခု ဖြစ်သောကြောင့် ယခုအခါတွင် ခရီးသွားပြည်သူများကြား၌ ပိုမို၍လူသိများ လာကြောင်း ရေတံခွန်အနီးရှိ ဒေသခံများထံမှ သိရသည်။

ရေပျံတောင် ရေတံခွန်သည် ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိနေပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်နှင့် ငါးမိုင်သာဝေးကွာပြီး အနီးပတ်ဝန်း ကျင်ကျေးရွာများဖြစ်သော ရွှေသင်း၊ ရွှေမြင်းသာ၊ဆင်းခေါင်းလေး၊ ညောင်နီ၊ ပန္နဲကုန်း (မြောက်) စသည့်ကျေးရွာတို့မှ တစ်ဆင့် သွားလာရကြောင်း သိရသည်။

ရေပျံတောင် ရေတံခွန်ကြီးသည် သဘာဝတောတောင်ကြီးများ အတွင်းပထမအဆင့်မှ သတ္တမအဆင့်ထိ အဆင့်ခုနစ်ဆင့်ဖြင့် အဆင့်ဆင့် ဖြာကျစီးဆင်းသော ရေတံခွန်များဖြစ်ပေါ်လျက် ရေတံခွန်တစ်ခုနှင့် တစ်ခုသည် ပေ၃ဝဝကျော်မှ ပေ၁ဝဝဝ ကျော်ဝေးကွာကြကာ ရေတံခွန်၏အရှည်သည် တစ်မိုင်ကျော်ရှည်လျားကြောင်း သိရသည်။

ရေတံခွန်သည် တောတောင်များအတွင်း သဘာဝအလျှောက် တည်ရှိနေခြင်းကြောင့် သွားလာရန်အနည်းငယ် ခက်ခဲနေသော်လည်း ရေတံခွန်၏ သာယာလှပမှုကြောင့် တဖြည်းဖြည်းနာမည် ကျော်ကြားလာကာ လာရောက် လည်ပတ်သူများဖြင့် ယခင်ကထက် ပိုမိုစည်ကားလာကြောင်း သိရသည်။

ရေတံခွန်အဆင့် ခုနစ်ဆင့်ရှိပြီး တတိယအဆင့်ရေတံခွန်နှင့် သတ္တမအဆင့် ရေတံခွန်တို့မှာ အခြားသောအဆင့်တို့ထက် ပိုမိုလှပလျက်ရှိနေပြီး လာရောက်လည်ပတ်သူတို့မှာ ခရီးလမ်းကြမ်းတမ်းခြင်း၊ အတက်အဆင်း
မတ်စောက်ခြင်း၊ တောနက်၍ လူသူပြတ်တောက်ခြင်းတို့ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သောကြောင့် တတိယအဆင့် ရေတံခွန်ထိသာ ကြည့်ရှုလည်ပတ်ကြကာ သတ္တမအဆင့် ရေတံခွန်သို့ အရောက်နည်းကြကြောင်း
သိရသည်။

#Yadanarpondaily

No comments:

Post a Comment