Pages

Thursday, December 28, 2017

တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် ရုံးဝန်းအတွင်း မီးလောင်မှုဖြစ်ပွား



တောင်ကြီး ၂၈-၁၂-၂ဝ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် နယ်မြေ (၅) ဗိုလ်ချုပ်လမ်းပေါ်ရှိ ပြည်နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရုံးဝင်းအတွင်း ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ရုံးဝင်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုက ငှားရမ်းအသုံးပြု ထားသောအဆောက်အအုံ အတွင်းဘက်ထရီနှင့် အင်ဗာတာတို့ကို ဆက်သွယ်၍ အားသွင်းထားရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အဆောက်အအုံအတွင်းမှာ ထားတဲ့ ဘက်ထရီနဲ့ အင်ဗာတာကို ဆက်သွယ်ပြီး အားသွင်းထားရာ ကနေတစ်ဆင့် မီးလောင်ကျွမ်းခဲ့တာပါ။ မီတာခကောက်ခံတဲ့ ရုံးစာရွက်၊ စာတမ်းတွေထားရှိတဲ့ အဆောင်ပါ။စာရွက်၊ စာတမ်းတွေတော့ မီးလောင်ကျွမ်းသွားပါတယ်"ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မီးလောင်မှုဖြစ်ပွား ရာသို့ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်းနှင့် ပြည်နယ်မီးသတ်ဦးစီးမှူး၊ခရိုင်မီးသတ်ဦးစီးမှူး၊ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူး၊ တောင်ကြီးမြို့မ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကာ ဒေသခံများနှင့်အတူ မီးသတ်ယာဉ်ခုနစ်စီး၊ ရေသယ်ယာဉ် သုံးစီးဖြင့်ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိဘဲ အဆောက်အအုံ တန်ဖိုးငွေကျပ် ၂၆သိန်း၊ ကွန်ပျူတာ နှစ်လုံးတန်ဖိုး ငွေကျပ်နှစ်သိန်း၊ ဆိုင်ကယ် တစ်စီးတန်ဖိုးငွေကျပ် ၁၅ဝဝဝဝ၊ ဘက်ထရီအိုးတစ်လုံး တန်ဖိုး ငွေကျပ် ၂ဝဝဝဝ၊ အင်ဗာတာတစ်လုံး တန်ဖိုးငွေကျပ် ၃ဝဝဝဝ၊ ပရင်တာတစ်လုံးတန်ဖိုး ငွေကျပ် ၃ဝဝဝဝခန့် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၃ဝကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးဟန်မော် လင်းသီဟ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ အုပ်ချုပ်မှုတာဝန်ခံကို တောင်ကြီးမြို့မရဲစခန်းက (ပ) ၁ဝ၆၁/၂ဝ၁၇၊ မီးပေါ့ဆစွာသုံးစွဲမှု ဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment