Pages

Wednesday, November 1, 2017

တန်ဆောင်တိုင်ပွဲတော်ကာလတွက် အထူးရထားတွဲဆိုင်းများ နိုဝင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲမည်



ရန်ကုန် ၁-၁၁-၂၀၁၇

ရထားစီးခရီးသွား ပြည်သူများ အဆင်ပြေစေရန်အတွက် မြန်မာ့မီးရထားမှ တန်ဆောင်တိုင်ပွဲတော် ကာလရုံးပိတ်ရက်အတွက် အထူးရထားတွဲဆိုင်းကို နိုဝင်ဘာ ၁ ရက်တွင်စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။ 

''ခရီးသွားပြည်သူ တွေအနေနဲ့ ပွဲတော်ကာလမှာ အဝေးပြေးယာဉ်များစီးရတာ အခက်အခဲတွေရှိနေတာမို့ မီးရထားကိုစီးနင်းတာ ပိုမိုများပြားလာပါတယ်။ ဒီနှစ်တန်ဆောင်တိုင်က ရုံးပိတ်ရက် လေးရက်ဆက်တိုက် ဖြစ်သွားတာ ကြောင့် နေရပ်ပြန် ခရီးသွားလာကြမယ့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူ တွေအတွက် ရုံးပိတ်ရက်ကာလမှာ အဆင်ပြေစေရန် တန်ဆောင်တိုင်အထူးရထားကို ပြေးဆွဲပေးခြင်း ဖြစ်ပါတယ်။ အထူးရထား လက်မှတ်တွေကိုလည်း ရက်ကြိုရောင်းချပေးသွားမှာ ဖြစ်သလိုချက်ချင်း ဝယ်ယူပြီးလည်း လိုက်ပါစီးနင်း နိုင်ကြမှာဖြစ်ပါတယ်။ လက်မှတ်တွေကို ခရီးစဉ်ရပ်တန့်မယ့် သက်ဆိုင်ရာ ကြားဘူတာတွေဖြစ်တဲ့ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ပျဉ်းမနား၊ နေပြည်တော်နဲ့ သာစည်ဘူတာတို့မှာပါ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ယခင်နှစ်တွေတုန်းက သင်္ကြန်အထူးရထားများကိုသာ ပြေးဆွဲခဲ့ပြီး ယခုနှစ်မှာတော့ ခရီးသည်သွားလာမှုအနေအထားကိုကြည့်ပြီး သီတင်းကျွတ် အထူးရထားတွဲဆိုင်းနဲ့ တန်ဆောင်တိုင် အထူးရထားတွဲဆိုင်းကို ပထမဆုံးပြေးဆွဲ ပေးလိုက်တာဖြစ်ပါတယ်။ ရထားစီးခရီးသည်များ အဆင်ပြေစေဖို့အတွက် အထူးရထားများကို နှစ်စဉ်ပြေးဆွဲပေးဖို့စီစဉ်ဆောင်ရွက်ပေးသွားမှာပါ''ဟု မြန်မာ့မီးရထားသွား/လာ ပို့ဆောင်ရေးဌာန တိုင်းအမှတ် (၇) မှ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

တန်ဆောင်တိုင် အထူးရထားတွဲဆိုင်း၌ ရိုးရိုးတန်း ခုနစ်တွဲ၊ အထက်တန်း လေးတွဲ၊ အထက်တန်းအိပ်စင် နှစ်တွဲနှင့် ဘရိတ်တွဲ တစ်တွဲပါဝင်မည်ဖြစ်ပြီး ရထားတွဲစုစုပေါင်း ၁၄ တွဲ ပါဝင်ကာ ရထားစီးခရီးသည် ၆ဝဝ ဦးလိုက်ပါ စီးနင်းနိုင်သည်။

ရထားခလက်မှတ် နှုန်းထားကို ရန်ကုန်-မန္တလေး ရိုးရိုးတန်းလက်မှတ် ငွေကျပ် ၄၆၅ဝ၊ အထက်တန်း ထိုင်ခုံလက်မှတ် ငွေကျပ် ၉၃ဝဝ နှင့် အထက်တန်း အိပ်စင်လက်မှတ် ငွေကျပ် ၁၂၇၅ဝ၊ နေပြည်တော်-မန္တလေး ရိုးရိုးတန်း လက်မှတ် ငွေကျပ်၂၈ဝဝ၊ အထက်တန်းထိုင်ခုံ လက်မှတ်ငွေကျပ် ၅၆ဝဝ နှင့် အထက်တန်းအိပ်စင် လက်မှတ် ငွေကျပ် ၇၇ဝဝ ဖြင့် ပုံမှန်နှုန်းထား အတိုင်းရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment