Pages

Wednesday, November 29, 2017

မသန်စွမ်း သူများနှင့် ပတ်သက်၍



ဆောင်းပါး (၂၉-၁၁-၂ဝ၁၇)

မြန်မာနိုင်ငံတွင် ကောက်ယူရရှိထားသော သန်းခေါင်စာရင်းအရ မသန်စွမ်းသူပေါင်း ၂ဒသမ၃သန်း ခန့်ရှိသည်ဟုသိရ၏။ ထိုအထဲတွင် ဆွံ့အ နားမကြားသူများ၊ မျက်မမြင်များ၊ ခြေလက် မသန်စွမ်းသူများ ပါဝင်သည်။

မသန်စွမ်းသူများတွင် ''မသန်သော်လည်း စွမ်းပါသည်'' ဟု ဆိုရလောက်အောင်ပင် ထူးချွန်သူများ အများအပြားရှိသည်ကို တွေ့ရ၏။ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြ၏။ ပညာရည်ထူးချွန်သူ များလည်းရှိ၏။ အချို့ဆိုလျှင် ဘီးတပ်ကုလားထိုင် မျိုးဖြင့် အောင်ဘာလေထီ လိုက်လံရောင်းချ ကြသည်ကိုလည်း တွေ့ဖူး၏။ ကိုယ်လက်အင်္ဂါ မသန်စွမ်းသော်လည်း ၎င်းတို့၏ တစ်ဝမ်းတစ်ခါး အတွက် ဘဝကို အရှုံးမပေး ကြသူများအဖြစ် ချီးကျူးရမည်ဖြစ်သည်။

မသန်စွမ်းသူဟူသည်

လူသားများက ''မသန်စွမ်းသူ''ဟုဆိုရာ၌ ယေဘုယျအားဖြင့် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ၊ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံချို့ယွင်းသူနှင့် ဥာဏ်ရည်မမီသူများကို ဆိုလိုသည်ဟု နားလည်ထားကြ၏။ ''မသန်''ဟူသည့် စကားလုံးသည် ''ခွန်အား''နှင့်ပတ်သက်ပြီး ''စွမ်း''ဟူသော စကားလုံးသည် ''အရည်အချင်း စွမ်းဆောင်နိုင်မှုစွမ်းရည်'' နှင့်ပတ်သက်၍ သုံးနှုန်းသည့် စကားလုံးဖြစ်သည်။ ထို့ကြောင့် ''မသန်စွမ်းသူ''ဟုပြောဆိုသည့်အခါ လူ
တော်တော်များများက ကိုယ်လက်အင်္ဂါ မပြည့်စုံသူများကို အထူးသဖြင့် ရည်ညွှန်းသည်ဟု နားလည်ကြ၏။

"မသန်စွမ်းသူတစ်ဦးသည် လူသားအဖြစ် စပြီးမွေးဖွားလာကတည်းက သော်လည်းကောင်း၊ မွေးပြီးမှ အကြောင်းတစ်ခုခုကြောင့် သော်လည်းကောင်း ကိုယ်ခန္ဓာဖွဲ့စည်းပုံ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုချို့ယွင်း အားနည်းနေပြီး သက်တူရွယ်တူများနှင့် ယှဉ်လျှင် လုပ်ဆောင်နိုင်စွမ်းရည် တော်တော်များများ လျော့နည်းနေသူများ ဖြစ်နေကြ၏။

ထို့ကြောင့် မသန်စွမ်းသူဖြစ်ခြင်းသည် လူသားတစ်ဦးအနေဖြင့် အမှန်တကယ် ရှိနေသင့်သည့် အခြေအနေမရှိခြင်း၊ စွမ်းဆောင်ရည် လျော့နည်းနေခြင်း စသည့်အနေအထား လူသားတစ်ဦးတွင် ရှိနေသင့်သည့် စံချိန်စံညွှန်း မပြည့်မီသူများ တစ်နည်းအားဖြင့် လူစဉ်မမီသူများဟု သတ်မှတ်ထားကြ၏။

မသန်စွမ်းသူများ အပေါ်ဆက်ဆံပုံ လူမျိုးအချို့တွင် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ မသန်စွမ်းသူများကို သိသာစွာခွဲခြား မဆက်ဆံ ကြသော်လည်း အချို့လူမျိုးတို့တွင်မူ လူ့အဖွဲ့အစည်း အတွင်းမှပထုတ်ကာ ဆိုးဆိုးရွားရွား ခွဲခြားဆက်ဆံတတ်ကြ၏။ ခေတ်ကာလတစ်လျှောက် မသန်စွမ်းသူများ အနေဖြင့် မိသားစုနှင့် လူ့အဖွဲ့အစည်းထဲတွင် လူသားတစ်ဦးအနေဖြင့် သိက္ခာရှိရှိ၊ လူသားဆန်ဆန်၊ လူ့ဘဝအဓိပ္ပာယ်ရှိစွာ အသက်ရှင်သန်နိုင်ခြင်း ရှိ၊
မရှိဆိုသည်မှာ လူသားများ၏ ယုံကြည်မှုဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု စသည်တို့အပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိသည်။

ခေတ်အဆက်ဆက်တွင် မသန်စွမ်းသူ အများစုသည် မိသားစုနှင့်အတူ ရှင်သန်နေထိုင်ခွင့်နှင့် လူမှုအသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းအတွင်းတွင် ရောယှက်ပြီး အသက်ရှင် နေထိုင်နိုင်ခဲ့ကြ၏။ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်း အတွင်းမှ အစိတ်အပိုင်းတစ်ခု အနေဖြင့် ခေတ်ကာလတစ်လျှောက် ရှင်သန်လာနိုင်ခဲ့ကြ၏။

ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းသူများအပေါ် နားလည်မှုအမြင်နှင့် သဘောထား ခံယူချက်တို့သည် ကမ္ဘာနှင့်တစ်ဝန်း တဖြည်းဖြည်းပြောင်းလဲ လာခဲ့ပါပြီ။ မသန်စွမ်းမှုနှင့်ပတ်သက်ပြီး လူမှုရေးကို အခြေခံသည့် ''အမြင်သစ်'' ပေါ်ပေါက်လာခဲ့သည့် ၁၉၇ဝ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် ပြန့်ကျဲနေသည့် မသန်စွမ်းသူများ၏ လူနေမှု အဆင့်အတန်းသည် ယခင်ခေတ်ကာလ တစ်လျှောက်တစ်ခါမျှ မရောက်ရှိဖူးသည့် အဆင့်သို့ မကြုံစဖူး
တိုးတက်လာသည်ကို ယနေ့မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်သည်။

ထို့ကြောင့် မသန်စွမ်းသူများ၏ ဘဝသည်လည်း ယခင်နှင့်မတူတော့ပေ။ ခေတ်ရေစီးကြောင်းနှင့် အတူယနေ့ကာလတွင် မသန်စွမ်းမှု၊ မသန်စွမ်းဖြစ်ခြင်း၊ မသန်စွမ်းသူများ၏ ဘဝနှင့်အနေ အထားများသည် ယခင်နှင့်မတူဘဲ တိုးတက်ပြောင်းလဲ နေပြီဖြစ်၏။ မသန်စွမ်းမှု အမြင်သစ်လွန်ခဲ့သော ဆယ်စုနှစ်လေးစုခန့်က မသန်စွမ်းသူများကိုယ်တိုင် အစပြုခဲ့သည့် မသန်စွမ်းမှု ''အမြင်သစ်''တွင် မသန်စွမ်းသူများသည်လည်း လူသားစင်စစ်များ ဖြစ်ကြကြောင်း၊ စက်ရုပ်လည်း မဟုတ်သကဲ့သို့ သတ္တဝါတစ်ပိုင်း လူတစ်ပိုင်း မဟုတ်ဟုလည်း ခံယူလာကြကြောင်း၊ ''လူသား''ဟုဆိုရာတွင်လည်း အားလုံးအတူတူပင် ဖြစ်ကြောင်း ခံယူလာကြပြီ ဖြစ်သည်။ လူသားတိုင်းတွင် တန်းတူအခွင့်အရေး ရှိသည်။ မည်သည့်အခြေအနေတွင် ရှိနေစေကာမူ လူသားမှန်သမျှသည် လူ့အခွင့်အရေး လျော့နည်းမသွားပေ။ ထို့ကြောင့် လူသားဟုဆိုရာတွင် လူသားစံချိန်မီသူနှင့် မမီသူဟူ၍ မရှိ။ မွေးရာပါ လူ့အခွင့်
အရေး တန်းတူရနိုင်သူနှင့် မရနိုင်သူသာ ရှိမည်။

အရေးကြီးသည်မှာ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် တရားမျှတမှုရှိ၊ မရှိ။ တန်းတူ အခွင့်အရေးရ၊ မရ ဟူသည့်အချက်သည်သာ အရေးကြီး၏။

မသန်စွမ်းသူများ ယနေ့ခံစားနေရသော လူသားစင်စစ် တစ်ဦးကဲ့သို့ ဘဝရှင်သန် နေထိုင်နိုင်ခြင်း၊ လူစဉ်မမီသူများဟု အများကထင်မြင် ယူဆခြင်းများနှင့် အခြားလူမှုရေးမတရားမှု အမျိုးမျိုးခံစားနေမှုများ ဖြစ်ပေါ်လာရခြင်းမှာ ''သန်စွမ်းသူများ''နှင့် ''မသန်စွမ်းသူများ'' ကြားတွင် ရှိနေသော ခွဲခြားဆက်ဆံမှု အမျိုးမျိုးများကြောင့်သာ ဖြစ်နေသည်ဟု ထောက်ပြ လာကြသည်။

ထို့ကြောင့် ''မသန်စွမ်းမှု၊ မသန်စွမ်းခြင်း''တို့သည် ဘဝကံဆိုးမှုကြောင့် ဖြစ်ရသည်ဟူသော အယူအဆကို တော်လှန်ဖယ်ရှား၍ လူသားနှင့်သက်ဆိုင်နေသော ''လူမှုရေးပြဿနာတစ်ရပ်''သာ ဖြစ်သည်ဟု မျက်မှောက်ကာလတွင် လက်ခံနေကြပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ၏။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၄)

#Themyawadydaily

No comments:

Post a Comment