Pages

Tuesday, October 17, 2017

အဖေ၊ အမေမှသည် အဘိုးကြီး၊ အဘွားကြီး ဖြစ်လာသောအခါ...



ဘာသာပြန်ဆောင်းပါး ၁၇-၁၀-၂၀၁၇

လူဆိုတာ အသက်ကြီးလာတဲ့အခါ အသွင်နှစ်မျိုး ကွဲသွားပါတယ်။ တစ်မျိုးက မိသားစုအရေး ကိစ္စကိုစိတ်မဝင်စားတော့ဘဲ အေးအေးပဲ နေချင်တော့တယ်ဆိုတဲ့ အသွင်ဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုယ့်ရှေ့ဖြတ်လျှောက် သွားသမျှ လူတိုင်းကို သည်းညည်းမခံ နိုင်တော့အောင်၊ အာခေါင်ခြစ်ပြီး အော်ငိုချင်လောက်အောင် အမေးအမြန်းထူ၊ အပြောအဆိုရှည်လျား တတ်ပြီးမိသားစုအရေး ကိစ္စတွေမှာလဲ အလွန်စပ်စပ်စုစု သိချင်တဲ့အသွင်ဖြစ်ပါတယ်။

အချို့သက်ကြီး ရွယ်အိုတွေကလဲ တစ်သက်လုံးစနစ်တကျ ရှာဖွေစုဆောင်း ခဲ့ကြလေတော့ အိုဇာတာကောင်းပြီး ပေးနိုင်ကျွေးနိုင်သေးလို့ သားသမီး၊ မြေးမြစ်၊ ချွေးမ အစရှိသူတို့ရဲ့ ရိုသေလေးစားမှုကို ခံရသလို အချို့မှာလဲ အိုကြီးအိုမရောက်လေ လက်ထဲ ခြူးတစ်ပြားမကျန်လေဖြစ်ပြီး သားသမီးတွေ ထားရာနေ၊ ကျွေးတာစားရတဲ့ဘဝကို ရောက်သွား တတ်ကြပါတယ်။

နောက်တစ်မျိုး ပြန်ကြည့်မယ်ဆိုရင် အချို့က ကျန်းမာရေး ကောင်းမွန်ကြပြီး အချို့ကျတော့ ဘေးကနေ စောင့်ရှောက်ပေးမယ့်သူ မှမရှိရင်နာရီပိုင်းလေးတောင် ကိုယ်တိုင်မနေနိုင် ကြတော့တာတွေလဲ ရှိပြန်ပါတယ်။

ဒီလိုသက်ကြီးရွယ်အိုတွေနဲ့ တစ်အိမ်တည်း အတူနေရရင်ဖြစ်စေ၊ သူတို့ဆီကို အလည်အပတ် သွားရရင်ဖြစ်စေ၊ အခါကြီးရက်ကြီးတွေကို ရောက်လာရင်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ၊ တွေ့စဉ်ခဏမှာဖြစ်စေ ဘယ် လိုဆက်ဆံသင့် သလဲဆိုတာ အခုခေတ်လူငယ်တွေ သိဖို့လိုအပ်လာပြီလို့ ယုံကြည်ရပါတယ်။

စိတ်ရှည်ပေးပါ။ သက်ကြီးပိုင်းကို ရောက်လာလို့ ဘယ်လိုအသွင်ကိုပဲ ရောက်ရောက် မိဘဟာ မိဘပါပဲ။ အဘိုးအဘွားဟာ အဘိုးအဘွားပါပဲ။ တစ်ချိန်က သူတို့ကို အားကိုးတကြီးဖက်တွယ် ငိုယိုခဲ့မိတာတွေကို မမေ့သင့်ပါဘူး။ဘဝရဲ့နောက်ဆုံးအဆင့်ကို သိပ်မလှုပ်ရှားနိုင်တော့တဲ့ ခန္ဓာကိုယ်တွေနဲ့ ချည့်နဲ့စွာ ဖြတ်သန်းနေရတဲ့ သူတို့ကို ဆက်ဆံတဲ့အခါ အလိုအပ်ဆုံးအရာက စိတ်ရှည်သည်းခံခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ဘာတွေမေးမှန်းလဲမသိ၊ ဘာတွေပြောမှန်းလဲမသိ၊ မလိုအပ်ဘဲ နှိုက်နှိုက်ချွတ်ချွတ်မေး၊ မလိုအပ်ဘဲ စိတ်တွေဆိုး၊သူတို့ ငယ်ငယ်တုန်းက ကိစ္စတွေကို ထပ်တလဲလဲပြော၊ အဆိုးဆုံးကတော့ အတင်းဆုံးမ နေတတ် တာတွေပေါ့။ဒါ လူငယ်တွေရဲ့အမြင်လေ။ သက်ကြီးရွယ်အို တစ်ယောက်အတွက်တော့ သူကျန်းမာနေသေးတယ်၊ သူအသက်ရှင် သန်နေသေးတယ်၊ သူ့ဘဝမှာ မျှော်လင့်ချက် ရှိနေသေးတယ်၊ ဒီမိသားစုအတွက်၊ လူတွေအတွက်
သူတစ်ခုခု လုပ်ပေးခဲ့ချင်သေးတယ် ဆိုတဲ့စိတ်စေတနာပေါ့။ ဒါကြောင့် မိဘ၊ အဘိုးအဘွားတွေပေါ် စိတ်ရှည်ပါ။ သူတို့ရဲ့ချည့်နဲ့ နေတဲ့နှလုံးသားကို ကျင်ခနဲနာကျင်စေမယ့် လေးပင်လှတဲ့ စကားလုံးကြမ်းတွေ မသုံးပါနဲ့။ သူတို့ရဲ့ မှုန်ဝါးနေတဲ့ မျက်ဝန်းတွေထဲကို ရက်စက်လွန်းတဲ့ ကိုယ်နှုတ် အမူအရာတွေ မထည့်ပါနဲ့။ သူတို့ကို ကလေးတစ်ယောက်ကို အလိုလိုက်သလိုမျိုး စိတ်ရှည်ပေးပါ။ ကလေးတစ်ယောက်ကို ထိန်းသလိုပဲ မဟုတ်တာတွေကို မဟုတ်တဲ့ အကြောင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပါ။ မအော်ပါနဲ့၊ မငေါက်ပါနဲ့၊ ဆောင့်ကြီးအောင့်ကြီး မလုပ်ပါနဲ့။ အရမ်းစိတ်နာဖို့ ကောင်းပါတယ်။ သူတို့ဝမ်းနည်းရပါတယ်။ လိုအပ်ရင် သူတို့အတွက် အစောင့်အရှောက် ငှားပေးပါ။ 
လူသားတစ်ယောက် အနေနဲ့ ကိုယ်တိုင်သွားလာ လှုပ်ရှားနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှုကို မစွန့်လွှတ်ချင်ပါဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့ အဖေ၊အမေက ငြင်းမှာပါပဲ။ မလိုဘူးပေါ့။ သူမလိုဘူးဆိုတာကို ဘယ်လောက်အားနဲ့ ပြောသလဲ ကြည့်လိုက်ပါ။ အဲဒီအားလောက်ကို လိုအပ်ချက် ရှိပါတယ်။

အိမ်တွင်း စောင့်ရှောက်မှုကို လုပ်ပေးပါ။ လူတစ်ယောက် အမြဲမထားနိုင်ရင်လဲ အိပ်ရာခေါက်၊ သန့်ရှင်းရေးလုပ်ပြီးရင် ပြန်မယ့်လူထားပါ။ ဒါမှမဟုတ် အချိန်ပိုင်း အဖော်လာလုပ်ပေးမယ့် လူတစ်ယောက် ငှားပါ။ အဲဒီလူက မှန်မှန်သွားလည်မယ်၊ စကားပြောပေးမယ်။ နားထောင်ပေးမယ်။ အားကစားအတူ လုပ်ပေးမယ်။ ဆံပင်၊လက်သည်း ညှပ်ပေးမယ် အစရှိသည်ဖြင့်ပေါ့။

ဆေးကိစ္စတွေ လုပ်ပေးဖို့ သူနာပြုဆရာမ တစ်ယောက် ပုံမှန်သွားကြည့်ပေး တာမျိုးစီစဉ်ထားပါ။ တစ်ပတ်ကို တစ်ခါဖြစ်ဖြစ်ပေါ့။ လိုအပ်ရင်နေ့တိုင်းပေါ့။ သွေးပေါင်ချိန်မယ်။ ကိုယ်အလေးချိန် ချိန်မယ်။ အစားအစာနဲ့ ပတ်သက်လို့  မှားနေတာတွေ ပြင်ပေးမယ်။ အတူရယ်ပေးမယ်။ ဟုတ်တယ်နော်ဆိုပြီး သဘောတူခြင်းအစချီတဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ လုပ်ပေးမယ်ပေါ့။

လက်ဆောင်လေးတွေ ဝယ်ပေးပါ။ လက်ဆောင်ရရင် ဘယ်သူမဆို ပျော်ပါတယ်။ ဘာပေးပေးပါ။ လက်ဆောင်ဆိုတာ ကြားလိုက်ရင် ရေသန့်ဘူးလေး ပေးရင်တောင် ပျော်တာပါပဲ။ မိဘကို၊ အဘိုး၊ အဘွားကို အလျဉ်းသင့်သလို အသီးလက်ဆောင်၊ မုန့်လက်ဆောင်၊ အခွေလက်ဆောင်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ပျော်ရွှင်နေအောင် ဝယ်ပေးကြပါ။ အကုန်အကျလဲ များဖို့မလိုဘူးပေါ့။

အိမ်ထဲမှာပဲ နေနေရပြီး အပြင်ကိုလဲ မသွားနိုင်တော့တဲ့ သက်ကြီး အမိနဲ့ အဘဒါမှမဟုတ် အဘိုးနဲ့အဘွားဟာ သင့်အသံ၊သင့်အရိပ်၊ သင့်ကိုယ်နံ့၊ သင့်ခြေသံ၊ သင့်အရာအားလုံးကို ကမ္ဘာကြီးအလား တန်ဖိုးထားရှာပါတယ်။ သူတို့ကို အတတ်နိုင်ဆုံး အဖော်လုပ်ပေးပါ။ ထမင်းအတူစားပေးပါ။ အရေးအကြီးဆုံးကတော့ စိတ်ရှည်ရှည်ထားပြီး သူတို့ကိုနာကျင်စေမယ့် စကားအပြော အဆိုတွေရှောင်ပါလို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)

#Yadanarpondaily

No comments:

Post a Comment