Pages

Monday, October 30, 2017

တောင်သူများ၏ စိုက်ပျိုးမြေများ မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး သီးနှံတစ်မျိုးတည်း ကာလကြာရှည်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ အနားပေးရန်လို



မန္တလေး ၃၀-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကာလတိုသီးနှံများ စိုက်ပျိုးနေသော တောင်သူများအနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သီးနှံတစ်မျိုးတည်း နှစ်ကာလကြာရှည်စွာ စိုက်ပျိုးခြင်း မပြုလုပ်သင့်ဘဲ အနားပေးရန် လိုကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ စိုက်ပျိုးသော မြေဆီလွှာများကို သီးနှံတစ်မျိုး ရိတ်သိမ်း ပြီးစီးပြီးနောက် သီးနှံတစ်မျိုးကို ဆက်တိုက်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ၎င်းမြေများကို ထွန်ယက်ကာ ဓာက်မြေသြဇာများထည့်ပြီး သုံးလခန့် အနားပေးထားသင့် ကြောင်း၊ ထိုသို့အနားမပေးဘဲ သီးနှံများကို ဆက်လက်စိုက်ပျိုးနေပါက မြေဆီလွှာများသည် မြေဆီမြေနှစ် ခန်းခြောက်ပြီးပျက်စီး ဆုံးရှုံးနိုင်ကြောင်း၎င်းက ဆက်လက်ပြောပြသည်။

"တောင်သူတွေစိုက်ပျိုးတဲ့ မြေပေါ်မှာ သီးနှံတွေကိုစိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ မစိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီးနှံတစ်မျိုးထဲ ထပ်ခါတလဲလဲ စိုက်နေရင် မြေဆီလွှာတွေဟာ ပြောင်းလဲမှုမရှိဘဲနဲ့ မြေဆီလွှာတွေ ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးနေတဲ့ တောင်သူတွေဟာ သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးပေးသင့်ပါတယ်" ဟုမန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အထက်မြန်မာပြည် မြေအသုံးချ ရေးဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အထက်မြန်မာပြည် မြေအသုံးချရေး ဓာတ်ခွဲခန်းမှ စိုက်ပျိုးမြေ ချဉ်ငန်ဓာတ်စမ်းသပ်မှုများ အတွက်မြေဆီလွှာဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေ ဓာတ်ခွဲခြင်းအပြင် ဓာတ်မြေသြဇာထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတို့ အတွက် အသုံးပြု တောင်သူများက ဈေးကွက်အတွင်းရှိ မြေသြဇာများ အရည်အသွေးပါဝင်မှုကို သိရှိနိုင်ရန်အတွက် ဓာတ်မြေသြဇာ ဓာတ်ခွဲစစ်ဆေးခြင်းများကို စမ်းသပ် စစ်ဆေးပေးလျက်ရှိပြီး အဆိုပါစစ်ဆေးခြင်း အဖြေများအတွက် နှစ်ပတ်ခန့် သာကြာမြင့်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးနေသော တောင်သူများ၏ စိုက်ပျိုးမြေချဉ်ငန်ဓာတ်များကို စမ်းသပ်ပေးသော စက်များရှိရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တောင်သူများအတွက် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် စမ်းသပ်ပေးနေကြောင်းလည်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment