Pages

Friday, October 20, 2017

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်များတွင် အီသနောပါဝင်သော လောင်စာဆီများသုံးစွဲမည့် အစီအစဉ်ကြောင့် မြန်မာ့ပြောင်းဈေးကွက်အတွက် အလားအလာကောင်းများ ဖြစ်လာနိုင်



ရန်ကုန် ၂၀-၁၀-၂၀၁၇

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်များတွင် အီသနောပါဝင်သည့် လောင်စာဆီများ သုံးစွဲမည့် အစီအစဉ်ကြောင့် မြန်မာ့ပြောင်းဈေးကွက်အတွက် အလားအလာကောင်းများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းနှင့် ပြောင်းဈေးကွက် သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်များတွင် အီသနော ၁ဝ ရာခိုင်နှုန်းပါဝင်သည့် E-10 လောင်စာဆီများကို ၂ဝ၂ဝပြည့်နှစ် အရောက်တွင် အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလဆန်းပိုင်းတွင် တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဘိုင်အိုအီသနောကို ကစီဓာတ်ပေါများသည့် ပြောင်းသီးနှံမှ ထုတ်လုပ်ရမည်ဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံအနေဖြင့် ပြောင်းသီးနှံလိုအပ်မှုများ ရှိနေသဖြင့် ပြောင်းကို ပြည်ပမှမှာယူတင်သွင်းမှုများ ရှိသော်လည်း စရိတ်စက သက်သာစွာဖြင့် သယ်ယူတင်သွင်းနိုင်သည့် မြန်မာနိုင်ငံကပင် မှာယူတင်သွင်းမည် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံမှ ပြောင်းများကို မှာယူနေရသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်များတွင် အီသနော ၁ဝ ရာခိုင်နှုန်းပါဝင်သည့် E-10 လောင်စာဆီများကို အသုံးပြုလာချိန်တွင် တရုတ်နိုင်ငံ၏ ပြောင်းလိုအပ်ချက်မှာ လက်ရှိတင်သွင်းနေမှုထက် ခြောက်ဆခန့် ပိုမိုတင်သွင်းလာရမည် ဖြစ်ပြီးတစ်နှစ်လျှင် ပြောင်းတန်ချိန် သန်းနှစ်ဆယ်ထိ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထွက်ရှိနေသည့် ပြောင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိပြီး တရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချ နေခြင်းဖြစ်သည်။ မြန်မာ့ပြောင်းဈေးကွက် အနေဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်များ ပြည့်မီအောင်စိုက်ပျိုး ထုတ်လုပ်နိုင်ပါက အလားအလာကောင်းများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်တွင် ပြည်ပမှပြောင်းတင်သွင်းမှု တန်ချိန် ၁ ဒသမ ၅သန်းခန့် ထိရှိလာနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထို့ကြောင့် အောက်တိုဘာလမှ စတင်ကာ ပြည်တွင်းပြောင်း ဈေးကွက်တွင် တရုတ်ဝယ်လက် အဝယ်သွက်လာနေ၍ ကယားပြည်နယ်တွင် ပြောင်းတစ်ပိဿာလျှင်ငွေကျပ် ၃၄ဝ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၄၃ဝထိ ဖြစ်ပေါ်လာခဲ့ပြီး ရန်ကုန်မြို့ လက်ကားဈေးကွက်များတွင် ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၂၃ဝဝဝမှ ငွေကျပ် ၂၅ဝဝဝ ထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ထို့ပြင်ပြောင်းဈေးကွက်မှာ ဆက်လက်၍ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ် ရှိနေသည်ဟုလည်း ဈေးကွက်မှ ခန့်မှန်းနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့မှ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့သို့အများဆုံး တင်ပို့နေ သော်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၆ရက်ထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၁၄သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၉၁၂၆တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ထိုသို့တင်ပို့ရာတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တန် ၁၇၄၅ဝ၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၁၃၇၅တန်ကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်တန်နှင့် ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးစခန်းမှ တန် ၃ဝဝ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်များတွင် ပြောင်းတစ်တန်လျှင် မြန်မာငွေ ၂၉၄၉၄၉ကျပ် ဈေးနှုန်းရရှိနေပြီး တရုတ်နိုင်ငံဘက် ဈေးကွက်များတွင် ပြောင်းတစ်တန်လျှင် ယွမ် ၁၅၈ဝ ပေါက်ဈေးရှိနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment