Pages

Friday, October 20, 2017

မီးလောင်မှုဖြစ်စဉ်ကြောင့် ဟိုတယ်အခန်းအတွင်း ပိတ်မိသေဆုံးသူများအား ရှာဖွေတွေ့ရှိ


ကန်တော်ကြီးပဲလေ့ဟိုတယ်မီးလောင်နေမှုမြင်ကွင်း။

ရန်ကုန် ၂၀-၁၀-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ကန်တော်ကြီး ပဲလေ့ဟိုတယ် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာဟိုတယ်
တာဝန်ရှိသူများက သတင်းမီဒီယာများသို့ အဆိုပါမီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

''ကျွန်တော်တို့ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငါးလွှာကနေ စလောင်တယ်ဆိုတာပဲ သိပါသေးတယ်။ အထဲဝင်ရရင် CCTV အချက်အလက်တွေ ပြန်ထုတ်ရနိုင်မယ်ဆိုရင် ပြန်ကြည့်ပြီး သတင်းထုတ်ပြန် ပေးသွားမှာပါ။ ဒါကြောင့် လက်ရှိဆုံးရှုံးသွားတဲ့ ပမာဏ၊ မီးစတင်လောင်ကျွမ်း တာတွေကို မပြောနိုင်သေးပါဘူး။ သေချာသိရမှ ထုတ်ပြန်ပေးသွားမှာပါ'' ဟု ထူးကုမ္ပဏီဥက္ကဋ္ဌရုံးမှ တာဝန်ခံ ဦးဌေးလွင်က ပြောသည်။

ကန်တော်ကြီး ပဲလေ့ဟိုတယ်၌ ယနေ့နံနက် ၃ နာရီခွဲတွင် မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးသတ်ရေသယ်ယာဉ် ၆၁ စီး၊ မီးသတ်စက်ယာဉ် နှစ်စီး၊ မီးသတ်အထောက်အကူ ပြုယာဉ် ၁၈ စီး၊ ကွပ်ကဲမှုယာဉ် ၁ဝ စီး၊မိတ်ဖက်ယာဉ်နှစ်စီး စုစုပေါင်း ၉၃ စီးဖြင့် Level-4 အဆင့် မီးငြှိမ်းသတ်ခဲ့ကာ နံနက် ၆ နာရီ ၂၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့၍ သုံးနာရီကြာ မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် အဆိုပါ ဟိုတယ်ရှိ အခန်းပေါင်း ၉၆ ခန်းတွင် တည်းခိုသူ ၁၄၁ ဦးရှိခဲ့ကာ မီးလောင်မှုဖြစ်ပွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် နံနက်ပိုင်းတွင် ဟိုတယ်အခန်းအတွင်း သေဆုံးနေသည့် နိုင်ငံခြားသား တစ်ဦးနှင့် နေ့လယ်ပိုင်းတွင် မီးလောင်ကျွမ်းထားသည့် သေဆုံးသူအလောင်း တစ်လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့များထံမှ သိရသည်။ သေဆုံးသူ နှစ်ဦးတွင် ဂျပန်နိုင်ငံသား တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံသူတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကာအိုနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သတ်မှတ်လမ်းကြောင်း အတိုင်းမထွက်ဘဲ အပေါ်မှခုန်ချသဖြင့် ခါးဒဏ်ရာရ၍ အရိုးအကြောဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ လက်ရှိတွင် ဟိုတယ်၌ တည်းခိုနေသူ ဧည့်သည်များအား အဆင်ပြေစေရန် ချက်ထရီယံဟိုတယ်နှင့် Rose Garden ဟိုတယ်တို့တွင် ရွှေ့ပြောင်းပေးထားပြီး ဧည့်သည်များက တခြားသောနေရာများသို့ ပြောင်းရွှေ့နေလိုပါကလည်း အဆင်ပြေစွာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment