Pages

Monday, October 9, 2017

နှစ်ပေါင်း၂ဝဝခန့် သက်တမ်းရှိ မန္တလေး အိမ်တော်ရာထီး ထုတ်လုပ်သည့် လုပ်ငန်းများ ပျောက်ကွယ်လုနီးပါးရှိနေ



မန္တလေး ၉-၁၀-၂၀၁၇

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝ ကျော်ခန့်က ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည့် မန္တလေးမြို့တွင် ရိုးရာယဉ်ကျေးမှု၊ ရိုးရာလက်မှုပညာရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြသော မန္တလေးအိမ်တော်ရာထီး ထုတ်လုပ်သည့်လုပ်ငန်း များသည် နည်းပညာရပ်များ တိုးတက်လာသည်နှင့်အမျှ ခေတ်မီပစ္စည်းများ ပြည်ပနိုင်ငံတို့မှ ဝင်ရောက်လာခြင်းကြောင့် ပျောက်ကွယ်လု နီးပါးရှိနေကြောင်း မန္တလေး ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာ ဘုရားအရှေ့ဘက် ယခင်ထီးလုပ်ငန်း လုပ်ကိုင်ခဲ့သော ဦးတင့်-ဒေါ်ဆင့် (ပိတ်ထီးဆိုင်) နှင့် ဇာမဏီသင်္ကန်း တိုက်လုပ်ငန်း၏ သမီးဖြစ်သူ အသက် ၈၇နှစ်အရွယ်ရှိ အဘွားဒေါ်သက်မေထံမှ သိရသည်။

"အိမ်တော်ရာရဟန်း ဆောင်းထီးပြုလုပ်ခြင်း လုပ်ငန်းက ဘာသာရေးနဲ့ ရိုးရာဓလေ့လက်မှု ပညာရပ်ဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက မျိုးရိုးစဉ်ဆက်လုပ်ကိုင် လာတဲ့လုပ်ငန်းဖြစ်ပါတယ်။ ထီးပြုလုပ်ရာမှာ ထီးတံ၊ ထီးခရိုင်ကို သစ်ဝါးသုံးရပါတယ်။ ထီးရဲ့ထိပ်ဖူး ထီးခေါင်တွေကို ခူသန်သားအသုံးများပါတယ်။ ထီးလုပ်ငန်းမှာလဲ ပွတ်ထိုးစင် တင်ရပါတယ်။ ထီးခရိုင်ခွက်လုပ်ငန်းကို အမျိုးသမီးတွေရဲ့ အိမ်တွင်းမှုလုပ်ငန်းမှာ လုပ်ရပါတယ်။ ဒီနေ့မျက်မှောက်ခေတ် ဈေးကွက်မှာ နိုင်ငံခြားက တင်သွင်းလာတဲ့ နိုင်လွန်ထီးတွေကို တိုးမပေါက်တော့ပါဘူး။ အသုံးအများဆုံးက ခေါက်ထီးတွေဖြစ်ပါတယ်။ခလုတ်နှိပ်ရင် ပွင့်သွားတဲ့ခေါက်ထီး ဖဲထီးကို အသုံးပြုနေကြတော့မြန်မာ့ရိုးရာ အိမ်တော်ရာထီး မလုပ်ရသလောက်ဖြစ်နေပါပြီ" ဟုအဘွားဒေါ်သက်မေက ပြောပြသည်။

ရှေးမြန်မာ မင်းလက်ထက်က နိုင်ငံခြားမှ တင်သွင်းသောဖဲထီးများ မရှိသေးရာ အိမ်တော်ရာထီးသည် လူသုံးကုန်ဖြစ်ပြီး ပုသိမ်ထီးကဲ့သို့ နာမည်ကြီးလှသည်။ မန္တလေးအိမ်တော်ရာ အရပ်မှ ပြုလုပ်သောကြောင့် ဒေသအစွဲပြု၍ အိမ်တော်ရာထီးဟု ခေါ်ကြသည်။ ထီး၏အစိတ်အပိုင်းများ ဖြစ်သော ထီးရိုးကို မြောက်ပြင်ညောင်ပင်ဈေးအနီး ထီးရိုးဝင်းအရပ်တွင် သီးသန့်ပြုလုပ်ကြသည်။

ယနေ့ခေတ်တွင် ရဟန်းဆောင်းထီးများကို မန္တလေးမြို့ ဘုရားကြီးအောက်ကျင်း၊ ၄၁ လမ်း၊ ရွှေတချောင်းဘေးနှင့် ဥပုသ်တော်ကုန်း၊ ဘုရားကြီးတစ်ဝိုက်တွင် ပြုလုပ်နေသည်ကို တွေ့ရသည်။ ထီးရိုးများကို ထီးရိုးဝင်းတွင် ပြုလုပ်ကြသည်။ အိမ်တော်ရာ ရဟန်းဆောင်းထီးပြုလုပ်ရာ၌ ထီးအရွက်အချင်းဝက် ၁၈ လက်မရှိလျှင် ထီးခရိုင်အချောင်း ၅ဝပါရှိရသည်။ ထီးရွက်အချင်းဝက် ၂၂ လက်မရှိလျှင် ထီးခရိုင် ၆ဝ၊ ၂၄လက်မရှိလျှင် ထီးခရိုင်အချောင်း ၇ဝပါရှိမည်။ ထီးအစိတ်အပိုင်းများမှာ ထီးရွက်၊ ထီးထိပ်ဖူး၊ ထီးခေါင်၊ထီးအုံ၊ ထီးတံ၊ ခရိုင်၊ ထီးရိုး၊ ထီးခလုတ်၊လက်ကိုင်၊ အုံဟ၊ ထီးကွင်းစသည်တို့ဖြစ်ပြီး ထီးခလုတ်ကို လက်ကိုင်ပေါက်ဖောက်၍ သစ်သားစို့လျှိုသွင်းရာမှ ယခု သံစို့ဖြင့်ခိုင်မာ အောင်ပြုလုပ်သည်။ ထီးရိုးမှာ ပန်းရိုး၊ ကျားရိုး၊ ပြောင်ရိုး၊ ခြစ်ရိုးဟူ၍ အမျိုးမျိုးရှိသည်။ဒုတိယကမ္ဘာစစ်မတိုင်မီက မျိုးရိုးစဉ်ဆက် ရိုးရာလက်မှုလုပ်ငန်း တစ်ရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင်ခဲ့သော အိမ်တော်ရာထီး လုပ်ငန်းကို ပုသိမ်မြို့တွင် တွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း သိရသည်။

"မြန်မာ့ရိုးရာ ထီးမှာ ပုသိမ်ထီး၊ အိမ်တော်ရာထီးနဲ့ ဘာသာရေးဆိုင်ရာရဟန်း ဆောင်းထီးများသာ တွင်ကျယ်စွာလုပ်ကိုင်လာကြပြီး အလှူအတန်းရှိနေသရွေ့ ထီးလုပ်ငန်းမှာ အိမ်တွင်းမှုလုပ်ငန်းအဖြစ် ရပ်တည်သွားနိုင်မှာ ဖြစ်ပေမယ့် ခေတ်ကာလပြောင်းလဲမှုအရ နေရာအခက်အခဲ ကုန်ကြမ်းရရှိမှု အခက်အခဲ ကျွမ်းကျင်လုပ်သားရှားပါးမှု အခက်အခဲတွေကြောင့် ရိုးရာလက်မှုပညာရပ်ဖြစ်တဲ့ ထီးလုပ်ငန်းဟာ အိမ်တော်ရာအရပ်မှာ တိမ်မြုပ် ပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ"ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြသည်။

"ဒကာကြီးရေ ကျုပ်တို့ အိမ်တော်ရာထီးက သပ်ရပ်ခံ့ညားပြီးဣေâန္ဒရပါတယ်။ဒါပေမဲ့ မိုးရွာရင် ထီးအရွက်က အနီရောင်အရည် တွေစီးကျတော့ ဦးပဉ္စင်းတို့လဲ ဖဲထီး၊ခေါက်ထီးကိုပဲ သုံးတော့တယ်" ဟု သံဃာတော် တစ်ပါးက မိန့်ကြားသည်။

ထို့ကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရိုးရာလက်မှုပညာ အိမ်တော်ရာထီးကို အမျိုးအစား၊ အရည်အသွေးကောင်းအောင် တီထွင်ဖန်တီး၍ပြုလုပ်နိုင်ပါက ရိုးရာအမွေအနှစ်လက်မှု ပညာတစ်ရပ်သည်ချက်ချင်းပျောက်ကွယ်နိုင်မည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Themyawadaily

No comments:

Post a Comment