Pages

Tuesday, October 17, 2017

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းရှိ သဘာဝငှက်ဥယျာဉ် အောက်တိုဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်မည်



ပြင်ဦးလွင် ၁၇-၁၀-၂၀၁၇

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း၌ ဖွင့်လှစ်ထားသော သဘာဝငှက်ဥယျာဉ်ကို ပြုပြင်ထိန်းသိမ်းရန် ဇူလိုင်လဆန်းပိုင်းတွင် ခေတ္တပိတ်ထားခဲ့ပြီး ယခုအခါ ပြုပြင်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်၍
အောက်တိုဘာလ ကုန်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါဥယျာဉ် အထွေထွေမန်နေဂျာ ဦးဝေမျိုးအောင်ထံမှ သိရသည်။

သဘာဝငှက် ဥယျာဉ်ပြုပြင်ရာ၌ ခြံအတွင်း ကာရံထားသောပိုက်များကို အသစ်လဲလှယ်ခြင်း၊ ဆေးသုတ်ခြင်း၊ အပင်များ အသစ်ထပ်မံစိုက်ပျိုးခြင်း စသောလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့ပြင် ငှက်များကို လာရောက်လေ့လာ ကြည့်ရှုသူများအနေဖြင့် မကျွေးသင့်သော အစာများမကျွေးရန် တားမြစ်ထားသော ပညာပေးပြခန်းများကိုလည်း ထည့်သွင်းပြသ ထားကြောင်း သိရသည်။

သဘာဝငှက်ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ် သည့်အခါ လာရောက်လေ့လာ ကြည့်ရှုသူများ ယခင်ကထက် ပိုမိုအဆင့်အတန်းမြင့်စွာ လေ့လာကြည့်ရှုနိုင်မည် ဖြစ်သည်။

''သဘာဝငှက်ဥယျာဉ်ကို အကောင်းဆုံး ပုံစံတွေနဲ့ ပြုပြင်ထိန်းသိမ်း ထားတာကြောင့် ပြည်သူတွေ လာရောက်လေ့လာတဲ့ အခါမှာအရင်ကထက် စိတ်ကျေနပ်မှု ပိုမိုရရှိ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းမှာလည်း လိုအပ်ရင်လိုအပ်သလို သဘာဝငှက်ဥယျာဉ်ကို ဆက်လက်ပြုပြင်သွားမှာပါ'' ဟု ဦးဝေမျိုးအောင်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment