Pages

Monday, October 23, 2017

ပုပ္ပားတောင်ကလပ် အနီးတစ်ဝိုက်တွင် မြေကျွံကျမှုနှင့် ပတ်သက်၍ ရေရှည်အတွက် ဘူမိဗေဒပညာရှင်များက အဖွဲ့တစ်ဖွဲ့ဖွဲ့၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည်



ကျောက်ပန်းတောင်း ၂၃-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပားတောင်ကလပ်အနီး တစ်ဝိုက်တွင် မြေကျွံကျမှုနှင့်ပတ်သက်၍ ရေရှည်အတွက် ဘူမိဗေဒပညာရှင်များက အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ သိရသည်။

"အခုဟာက ရှေ့ပြေးလာကြည့်တာပါ။ နောက်ပိုင်းကျအဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီးလာပါမယ်။ သေချာကွင်းဆင်း တိုင်းတာတာတွေလုပ်ပြီး ဘယ်နေရာတွေမှာ ရေရှိနိုင်တယ်၊ဘယ်နေရာတွေကတော့ စိတ်ချရတယ် စသဖြင့်ပေါ့။ ရေရှည် အတွက် အဲလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်" ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဘူမိပညာရှင် ဦးသန်းထွန်းက ပြောပြသည်။

ယခုနှစ် အောက်တိုဘာ ၁၅ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပုပ္ပားတောင်ကလပ် အောင်သိဒ္ဓိကုန်း အနီးတစ်ဝိုက်တွင် မြေကြောပြတ်၍ မြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့သည့်အပြင် အဆောက်အအုံအချို့၏ နံရံများ၊ကြမ်းပြင်များလည်း အက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

"သဘာဝရေစီးကြောင်းတွေ ကိုပိတ်ဆို့ပြီး အဆောက်အအုံ တည်ဆောက်တော့ ရေတွေက မြောင်းအတိုင်းမစီးဆင်းဘဲ အခြားနေရာတွေကို စီးဆင်းသွားပါတယ်။ အဆောက်အအုံကြီးတွေ မြေသားမခိုင်တဲ့မြေနေရာ တွေမှာ တည်ဆောက်တယ်။ အဲ့ဒါတွေကြောင့် ဖြစ်တာပါ" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ပုပ္ပားတောင်ကလပ် အောင်သိဒ္ဓိကုန်း အနီးတစ်ဝိုက်တွင် မြေကြောပြတ်၍ မြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ဘူမိဗေဒပညာရှင်များက လက်ရှိတွေ့ရှိချက်များကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင်
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဆွေးနွေးအကြံပြု ပြောဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

"မြေနိမ့်ကျသွားတာတွေက မရပ်သေးပါဘူး။ ဆိုးဆိုးရွားရွားဖြစ်တာ သုံးနေရာလောက်ရှိပါတယ်။ တစ်ကြောလုံးကြီး ဆိုတော့နည်းနည်း များတာပေါ့။ ကျွန်တော် သေချာလိုက်ကြည်တော့ အက်ကြောင်း ဖြစ်တဲ့နေရာက သူ့အကြောလိုက်၊ အလွှာလိုက်သုံးနေရာ လောက်က နည်းနည်းရှည်ပါတယ်" ဟု ပုပ္ပားတောင်ချစ်သူများအသင်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးတာဝန်ခံ ဦးအောင်ဟိန်းက ပြောပြသည်။

ပုပ္ပားတောင်ကလပ်သည် ဘူမိဗေဒ မြေအနေအထားအရ ခိုင်မာမှုမရှိကြောင်းကို ပညာရှင်များက သုံးသပ်ပြထားကြောင်း၊ ၂ဝဝ၈ခုနှစ်က မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းမြေပြိုကျမှုသည် အလွှာလိုက်နိမ့်ကျခြင်း မဟုတ်ဘဲ မြေတစ်ခြမ်းလုံး ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုဖြစ်ပွားမှုမှာ မြေအလွှာလိုက် နိမ့်ကျွံကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယင်းသို့ မြေကြောပြတ်၍ မြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့သည့်အနီးအနားရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ဆက်လက်၍ နေထိုင်ရန်မသင့်တော့သဖြင့် ရွှေ့ပြောင်းနေထိုင်ကြရန် လိုအပ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ်စည်ပ င်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်က ပြောပြသည်။

"အောင်သိဒ္ဓိကုန်းနားရယ်။ တောင်ကလပ်ရဲ့ မျက်နှာချင်းဆိုင် ဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်းဆောင် တစ်ခုမြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့တယ်။ ပြီးတော့ အောင်သိဒ္ဓိကုန်းရဲ့ မျက်နှာချင်းဆိုင် ကတ္တရာလမ်းကတော့ ပေ ၁ဝဝ ခန့်အက်ကွဲပြီး ၁ဝ လက်မလောက်နိမ့်ဆင်းသွားပါတယ်။ အဲ့ဒီအနီးအနားမှာရှိတဲ့ လူနေအိမ်တွေ ဆက်ပြီးမနေ သင့်တော့ပါဘူး" ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment