Pages

Monday, October 30, 2017

ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် အချောသတ်အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မတိုင်ပီပေးပို့မည်



နေပြည်တော် ၃၀-၁၀-၂၀၁၇

ပုဂံယဉ်ကျေးမှု နယ်မြေဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အချောသတ် အဆိုပြုလွှာကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယူနစ်စကိုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သတ်မှတ် ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝအမွေအနှစ်၊ ရောနှောအမွေအနှစ်ဟူ၍ သုံးမျိုးရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး သဘာဝအမွေအနှစ်နှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်သတ်မှတ် ခံထားရသည့် နေရာဌာနများမှာ ပျူမြို့ဟောင်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်က ပိဿနိုး၊ဟန်လင်းနှင့် သရေခေတ္တရာစသည့် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးသတ်မှတ် ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ပုဂံယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် တင်သွင်းရန် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယူနစ်စကိုသို့ ပေးပို့ထားသည့် မူကြမ်းတွင် အပိုင်း (၂) ပိုင်းပါဝင်ပြီး ပထမပိုင်းတွင် ပုဂံဒေသ၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ထိုက်သည့် ကမ္ဘာနှင့်ချီ၍ တန်ဖိုးရှိနေသော မည်သည့်အမွေအနှစ်များ ရှိနေသည်ကို ဖော်ပြထားကာ ဒုတိယပိုင်းတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ထိုက်သည့် အမွေအနှစ်များကို မည်သို့မည်ပုံ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းကို ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ဇုန်များ ခွဲခြားသတ်မှတ်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဇုန်များခွဲခြား သတ်မှတ်ဆောင်ရွက်ရာတွင် အမွေအနှစ်ဇုန်နှင့် အဆိုပါ အမွေအနှစ် ဇုန်များကို ကာကွယ်ပေးမည့် ကြားခံဇုန်များကိုလည်း သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment