Pages

Monday, October 9, 2017

အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ရှင်တော်မြတ်များ ကျောင်းတော်ဝင်ပွဲပြုလုပ်




နေပြည်တော် ၉-၁၀-၂၀၁၇

အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ရှင်တော်မြတ်များသည် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံပြီး မူလကိန်းဝပ် စံပယ်တော်မူသော ရတနာစံကျောင်းတော်ကြီးသို့ ပြန်လည်ကြွ ဝင်တော်မူသည့် ကျောင်းတော်ဝင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ဖောင်တော်ဦးဘုရား စံကျောင်းတော်ကြီး၌ ပြုလုပ်သည်။

ဦးစွာအင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ရှင် တော်မြတ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များက ကရဝိက်ဖောင်ပေါ်မှ ရတနာစံကျောင်းတော်ကြီးသို့ ရွှေဝေါယာဉ်ဖြင့် ပင့်ဆောင်တော်မူကြပြီး ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နမ့်ဟူး ဘုန်းတော်ကြီးကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများက ဟဲယာရွာမ ရွှေဘုံသာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ရှင်တော်မြတ်များ ကျောင်းတော်ဝင်ပွဲ၌ ပြုလုပ်သည့် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို ကြည့်ရှုအားပေးကြပြီး ဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါအင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာ ၂၁ ရက်မှ ယနေ့အထိ အင်းလေးဒေသ ၂၁ ဌာနသို့ လှည့်လည်ကြွချီ အပူဇော်ခံခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment