Pages

Tuesday, October 10, 2017

မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေး၊လူငယ် ၁၄ သိန်းကျော် ထိုးနှံပေးရန် ခန့်မှန်းလျာထား



မန္တလေး ၁၀-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေး၊ လူငယ် ၁၄ သိန်းကျော်အတွက် ထိုးနှံပေးရန် ခန့်မှန်းလျာထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲမှ သိရသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေးငယ်များအားရောဂါ ၁ဝ မျိုးပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းစဉ်တွင် မထည့်သွင်းမီ Champaign အနေဖြင့် ထိုးနှံပေးမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် စာရင်းကောက်ယူ လျက်ရှိရာ တစ်တိုင်းလုံးတွင် စုစုပေါင်းကလေး၊ လူငယ် ၁၄ သိန်းကျော်ထိုးနှံပေးရန် ခန့်မှန်းလျာထားကြောင်း အဆိုပါဌာနခွဲမှအဖွဲ့ ခေါင်းဆောင်ဆရာဝန် (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာဒေါ်ငြိမ်းငြိမ်းချစ်က ပြောပြသည်။

"နိုဝင်ဘာလထဲမှာ ကျောင်းအခြေပြုအနေနဲ့ အသက်ငါးနှစ်ကနေ ဆယ့်ငါးနှစ် အရွယ်တွေထိုးနှံပေးမယ်။ ဒီဇင်ဘာလထဲမှာတော့အသက် ကိုးလကနေ ငါးနှစ်ကလေးငယ်တွေနဲ့ ကျောင်းအခြေပြုတုန်းက ပျက်ကွက်ခဲ့တဲ့သူတွေ ရော ပေါင်းပြီးပြည်သူလူထု အခြေပြုအနေနဲ့ ထိုးနှံပေးသွားမယ်။ အခု Champaign ပြီးသွားရင် နောက်နှစ် ဇန်နဝါရီလကစပြီး ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းစဉ် ထဲထည့်သွင်းသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသက် ကိုးလမှ ၁၅ နှစ်အရွယ် ကလေး၊ လူငယ် ၁၄ ဒသမ ၂ သန်းကိုထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်ကို ယခုနှစ် နိုဝင်ဘာ ၁၅ရက်မှ နိုဝင်ဘာ ၂၃ရက်အတွင်းနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို ယခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂ဝရက်အတွင်း ထိုးနှံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှုသည် ၂ဝ၁၆ခုနှစ်က ဦးနှောက်ရောင်ရမ်းမှု ဖြစ်ပွားသူ ၁၂၂ဦးအနက် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူ ၁၉ဦး၊ ယခုနှစ်တွင်ဇန်နဝါရီလမှ ဇွန်လထိ ဦးနှောက်ရောင်ရမ်းမှု ဖြစ်ပွားသူ လေးဦးအနက် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူ နှစ်ဦးရှိကြောင်း အဆိုပါဌာနခွဲမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment