Pages

Monday, October 30, 2017

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ်။

စစ်တွေ ၃၀-၁၀-၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD စီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ယမန်နေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက UEHRD ၏ အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် ရခိုင်ပြည်သူပြည်သားများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်သူများ အမှန်တကယ်အကျိုးရှိပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသူများတွင် လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ ကော်မတီဝင်များ စသည့်ကဏ္ဍပေါင်းစုံမှ ပြည်သူများ ပါဝင်ကြသဖြင့် UEHRD  ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးမှ ပြည်သူလူထုနှင့် အတူညီညွတ်စွာ ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက UEHRD  နှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ အကောင်အထည် ဖော်ရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များ၊ ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် လုံခြုံစိတ်ချရမှုအတွက် အထူးအလေးပြု ဆောင်ရွက်သင့်ကြောင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အနေဖြင့် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှု အင်အားဖြင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ယနေ့ပြည်သူများ၏ တင်ပြချက် များကို အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့မှ ပြည်သူများနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment