Pages

Wednesday, September 20, 2017

မြစ်ကြီးနားမြို့တွင် ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ သိုလှောင်ရောင်းချခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်သွားမည်



မြစ်ကြီးနား ၂၀-၉-၂၀၁၇

ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ သိုလှောင်ရောင်းချ ဖြန့်ဖြူးခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်အတွက် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ချက်ထုတ်ပြန် သွားမည်ဟု အဆိုပါဌာနမှ သိရသည်။

ယခုနှစ် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်များတွင် မြစ်ကြီးနားမြို့နယ် အတွင်း၌ ဗြောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရပြီး ပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်သည့် အပြင် အဖျက်အမှောက်လုပ်ရပ်များ ဖြစ်ပွားပေါ်ပေါက်လာခြင်း မရှိစေရေးအတွက် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်ချက်ထုတ်ပြန်နိုင်ရန် စက်တင်ဘာ ၅ရက်က အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိသည်နှင့် တားမြစ်ချက်ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

"အရင်နှစ်တွေကအတိုင်း ထုတ်ပြန်မှာပါ။ နှစ်တိုင်းလဲထုတ်ပြန်နေကျပဲ။ တားမြစ်ချက်ထုတ်ပြန်ဖို့ အထက်ကို တင်ပြထားပြီးပါပြီ။ ဒီအပတ်ထဲမှာ ထုတ်ပြန်နိုင်ပါလိမ့်မယ်"ဟု မြစ်ကြီးနားမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထက်အောင်က ပြောပြသည်။

ယခုအချိန်၌ သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် နီးကပ်လာပြီ ဖြစ်သောကြောင့် အုပ်ချုပ်ရေးအပိုင်းမှ တားမြစ်မိန့် မထုတ်ပြန်သေးသော်လည်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ နယ်စပ်ဒေသအဝင် ဂိတ်ပေါက်များ ရှိရဲတပ်ဖွဲ့များထံသို့ အဆိုပါ ဗြောက်အိုးများ၊ မီးရှူးမီးပန်းများကို သတိထားရှာဖွေကာ တတ်နိုင်သမျှ ပြည်နယ်တွင်းသို့ မဝင်လာစေရေးအတွက် သတိပေးအကြောင်းကြား စာများပေးပို့ညွှန်ကြား ထားပြီးဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ပုံမှန်ဆိုရင် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ နီးတဲ့အခါဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေး ကနေပြီး ဒေသန္တရတားမြစ်မိန့် ထုတ်ပြန်ပေးတယ်။ အဲဒီလိုတားမြစ် မိန့်ထုတ်ပြန်ပြီးမှပဲ လိုက်လံရှာဖွေစစ်ဆေး ပြီးတော့မှ အရေး ယူတယ်။ အဓိကတော့ ရောင်းချတဲ့သူတွေကိုပါ။ အခုတော့ သူတို့အုပ်ချုပ်ရေးက ဒေသန္တရတားမြစ်မိန့်ထုတ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်" ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment