Pages

Wednesday, September 6, 2017

မြန်မာရိုးရာဓလေ့ဖြစ်သည့် ထန်းတက်ချိန်ကို နိုင်ငံခြားသားခရီးသွားဧည့်သည်များ ကြည့်ရှုနိုင်ရန် အတွက်ပုဂံဒေသရှိ ကျေးရွာသုံးရွာတွင် ခရီးသွားလုပ်ငန်းအသစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်


ပုဂံဒေသရှိ ထန်းတက်တောင်သူတစ်ဦး ထန်းတက်နေသည့်မြင်ကွင်းကို တွေ့ရစဉ်။

မန္တလး ၆-၉-၂၀၁၇

မြန်မာရိုးရာဓလေ့ဖြစ်သည့် ထန်းတက်ချိန်ကို နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ကြည့်ရှုနိုင်ရန်အတွက် ပုဂံဒေသရှိ ကျေးရွာသုံးရွာတွင်ခရီးသွား လုပ်ငန်းအသစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ထန်းအသင်းမှ ထန်းပညာရှင်တစ်ဦးထံမှ သိရသည်။

လက်ရှိထန်းရာသီမကုန်မီ ပုဂံဒေသ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ သွားရောက်၍ ထန်းတက်တောင်သူများ၏ လုပ်ကိုင်စားသောက်နေရသည့် လူမှုဘဝများ၊ ထန်းတက်ပုံသဏ္ဌာန်များနှင့် ထန်းမှထွက်ရှိသည့် အသုံးအဆောင်ပစ္စည်းများကို နိုင်ငံခြားသားဧည့်သည် များလေ့လာနိုင်ရန် ယခုလမှစပြီး ထန်းတက်တောင်သူတို့ ၏လူနေမှုဘဝများကို Video မှတ်တမ်းများ ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

''ထန်းတက်ရာသီမကုန်ခင် ပုဂံဒေသမှာရှိတဲ့ ထန်းတက်တောင်သူတွေရဲ့ ထန်းတက်နေတဲ့  ပုံတွေကို ရိုက်ကူးပြီး နိုင်ငံခြားသားတွေ စိတ်ဝင်စားဖွယ်လာရောက် လေ့လာနိုင်ဖို့ ခရီးစဉ်အသစ်တစ်ခုကို ဖော်ဆောင် တဲ့အနေနဲ့ Package တွေရောင်းချသွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောပြသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့် ထန်းတက်တောင်သူများ၏ လူနေမှုဘဝ ရှင်သန်နေထိုင်မှုများကို စိတ်ဝင်စားလျက်ရှိပြီး ပုဂံဒေသအတွင်း ရှေးကျသည့်ကျေးရွာများ တွင်ရှိသည့် နှစ်ရှည်ပင် ကြီးများနှင့် ဘဝအမျိုးမျိုး ရုန်းကန်လှုပ်ရှား နေသည့် လူနေမှုဘဝများကို အထူးစိတ်ဝင် စားလျက်ရှိကြောင်း သိရသည်။

''လာမယ့်ထန်းတက်ရာသီမှာလဲ ထန်းတက်တောင်သူတွေရဲ့ လူနေမှုဘဝတွေကို ပြသသွားမှာပါ။ ပုဂံဒေသမှာရှိတဲ့ ကျေးရွာသုံးရွာကို ကနဦးအနေနဲ့ ပြသသွားမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့တိုးချဲ့ သွားမှာပါ။ အခုလို ပြသနိုင်ဖို့ ခရီးသွားကုမ္ပဏီ တွေနဲ့ချိတ်ဆက်ထားပါတယ်''ဟု ၎င်းက ပြောပြသည်။

ပုဂံဒေသအတွင်းရှိ ကျေးရွာသုံးရွာကို ပြသနိုင်ရန် ထန်းတက်တောင်သူများကို ခေတ်မီနည်းပညာသုံး ထန်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းများပေးထားကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များ ထန်းတက်နေမှုကို ကြည့်ရှုနိုင်ရန် နံနက်နှင့်ညနေ ထန်းတက်ချိန်များကို ပြသသွားမည် ဖြစ်သည်။

''အခုလို ခရီးစဉ်သစ်တစ်ခုကို ဖော်ဆောင်လိုက်နိုင်ရင် ထန်းတက်တောင်သူတွေ အပိုဝင်ငွေပိုရပြီး စီးပွားရေးတွေအဆင်ပြေလာမှာပါ။ပြီးတော့ နိုင်ငံခြားသား တွေကလဲ အခုလို သဘာဝကျကျ လုပ်ကိုင်စားသောက်နေကြတဲ့ လူနေမှုဘဝတွေကို စိတ်ဝင်စား ကြပါတယ်"ဟု၎င်းက ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment