Pages

Friday, September 29, 2017

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေအမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေးနမူနာယူ၍ ဆန်းစစ်မှုများ ပြုလုပ်နေ



မန္တလေး ၂၉-၉-၂၀၁၇

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေ အမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေး နမူနာယူကာ ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့၌ ယခုလစတုတ္ထပတ် အတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးကောင်ရေ အမြောက်အမြား စက်တင်ဘာ၂၇ရက် ည ၁ဝ နာရီတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ နေရာသို့ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်နှင့် သက်ဆိုင်ရာမှ သွားရောက်ကာ ၎င်းငါးများကို ဆယ်ယူရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

မန္တလေးမြို့ သင်္ဂဇာချောင်းအတွင်းရှိ ငါးများမှာ အောက်ဆီဂျင်ပြတ်လပ်မှု ကြောင့်သေဆုံးခဲ့သည်ဟု ယူဆထားသော်လည်း ၎င်းငါးများ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ တိကျသေချာစွာသိရှိနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ ပညာရှင်များက သင်္ဂဇာချောင်းရေကို ရေနမူနာရယူကာ စစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။

သင်္ဂဇာချောင်းအတွင်း၌ နှစ်စဉ်ငါးများ သေဆုံးနေသည့်အတွက် ချောင်းအတွင်းရှိ ငါးမျိုးစိတ်များအတွက် အန္တရာယ်အရှိဆုံးဖြစ်သည့် အမှိုက်သရိုက်များ အပါအဝင် နုန်းများကိုပါ ယခုနှစ်အတွင်း စက်ယန္တရားများဖြင့် ဆယ်ယူ ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် သင်္ဂဇာချောင်းအတွင်း ငါးများစွာသေဆုံးခဲ့သည့် အတွက်တခြားချောင်းများကိုလည်း ၎င်းဖြစ်စဉ်မျိုး ဖြစ်ပွားမှုမရှိစေရေး ချောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းများကို ဆယ်ယူပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိ သင်္ဂဇာချောင်းအတွင်း ငါးများစွာ သေဆုံးခဲ့မှုကို သက်ဆိုင်ရာက ရေအရည်အသွေး စစ်ဆေးနေပြီး စစ်ဆေးချက်ထွက်ရှိလာပါက ရေအရည်အသွေး ကျဆင်းမှုကြောင့် သေဆုံးခဲ့ခြင်းမျိုးဟုတ်၊မဟုတ်ပြန်လည်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၆ခုနှစ်က အလားတူဖြစ်စဉ်မျိုး တောင်သမန်အင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment