Pages

Wednesday, August 9, 2017

ပုဂံဒေသ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုး အဆူ ၅ဝ ပြင်ဆင်မှု ယခုနှစ်အတွင်းပြီးစီးရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၉-၈-၂၀၁၇

ပုဂံဒေသ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုး အဆူ ၅ဝ အား ပြန်လည် ပြင်ဆင်မှုကို ယခုနှစ်အတွင်း ပြီးစီးရန်ဆောင်ရွက် လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

ပုဂံဒေသအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီပုထိုးများ အနက်မှ အသေးစား ပျက်စီးသွားသည့် ဘုရားစေတီပုထိုး ၂၂၄ ဆူအား ဧပြီလအတွင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ကျန်ရှိ စေတီပုထိုးများအား ဆက်လက် ပြင်ဆင်နေပြီး ယခုနှစ်အတွင်း စေတီပုထိုးအဆူ ၅ဝ ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ အန္တရာယ်ရှိအဖြစ် သတ်မှတ်ထားသော စေတီပုထိုးများ အားလုံးပြုပြင် ပြီးစီးခဲ့သဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များအား လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အခြေအနေများ မှလွဲ၍ တခြားအချိန်များတွင် ဝင်ခွင့်ပြုလျက် ရှိကြောင်း၊ မိုးရာသီကာလသည် အရေးကြီးသည့် အချိန်ဖြစ်၍ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေရကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားစေတီ ပုထိုးများအနက် ၃၆ ဆူအား အန္တရာယ်ရှိ စေတီများအဖြစ် သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်း ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ပုဂံဒေသအတွင်းသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု နှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း တွင်လည်း ခရီးသွားဝင်ရောက်မှု နှုန်းသည် သိသာစွာကျဆင်း သွားခြင်းမရှိကြောင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်၍ စနစ်တကျ လုပ်ဆောင် နေသည့်အတွက် အချိန်ယူ လုပ်ဆောင်ရသဖြင့် ကြာမြင့်မှု များရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment