Pages

Thursday, July 6, 2017

ရှမ်းပြည်နယ် ဂုတ်တွင်းလမ်းပိုင်း၌ လေးလမ်းသွားတံတား တစ်စင်းတည်ဆောက်မည်



နောင်ချို ၆-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား၌ သွားလာရေး ကြန့်ကြာမှုများ မကြာခဏ ဖြစ်ပွားနေသော ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွား တံတားတစ်စင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း အိုရီရမ် တယ်ဟိုင်းဝေး ကုမ္ပဏီမှ လမ်းစီမံကိန်းမန်နေဂျာ ဦးသက်ဆွေထံမှ သိရသည်။

အဆိုပါတံတား တည်ဆောက်ရေး အတွက်မြေယာ တိုင်းတာခြင်းနှင့် စစ်ဆေးခြင်းကို လုပ်ဆောင်ပြီးဖြစ်၍ နိုင်ငံခြားကုမ္ပဏီ တစ်ခုနှင့် အိုရီရမ်တယ် ဟိုင်းဝေးကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည် ဖြစ်သည်။ ယင်းတံတားသည် လေးလမ်းသွား တံတားဖြစ်ပြီး မီတာ ၈၇ဝ အရှည်ရှိကာ မြို့ရှောင်လမ်းသည် ၂၁ ဒသမ ဝ၆ ကီလိုမီတာ ရှည်လျားမည် ဖြစ်သည်။ ဂုတ်တွင်းလမ်းပိုင်း တံတားတည်ဆောက်ရေး အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံတင်ပြခဲ့ပြီး တံတားတည်ဆောက်ရေး အတွင်းပါဝင်နေသော မြေယာများကို လျော်ကြေးငွေပေးရန် စိစစ်နေ၍ ယင်းလုပ်ငန်းစဉ်များ ပြီးစီးပါက စတင်တည်ဆောက်မည် ဖြစ်သည်။

ဂုတ်တွင်းလမ်းပိုင်းအတွင်း မကြာခဏယာဉ်ကြော ပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားကြောင်း၊အလားတူ ယာဉ်မတော်တဆမှု များလည်း ဖြစ်ပွားမှုများရှိသည့်အတွက် ခရီးသွားများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေကြောင်း၊ ယင်းလမ်းသည် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment