Pages

Wednesday, July 5, 2017

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွား



ရန်ကုန် ၅-၇-၂၀၁၇

ကနီမြို့နယ် မဲဒင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ မြင့်မြတ်သူ (၁) အမြန်ရေယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမြန် ရေယာဉ်သည် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ တွင် စတင်မီးလောင်ခဲ့ပြီး ၂ နာရီ ၁ဝ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ ယာဉ်ပေါ်တွင် ခရီးသည် ၅၃ ဦးလိုက်ပါလာခဲ့ကြောင်း သိရသည်။

''မုံရွာကနေ မောက္ကတော်ကို သွားတဲ့ အမြန်ရေယာဉ်ပါ။ မော်တော်နောက်မြီး စက်ခန်းမှာ စလောင်တာ၊ အမြန်ရေယာဉ် စခန်းအုပ်ကို အရေးယူသွားမှာပါ။ ဖြစ်စဉ်က အင်ဂျင်ပေါ်ကို ပိုက်ကနေဆီကျပြီး လောင်တာ။ အင်ဂျင် တစ်လုံးလုံး လောင်သွားတာ''ဟု ကနီမြို့နယ်ရဲတပ်ဖွဲ့မှ အမှုစစ် ဒုတိယရဲအုပ်နေလင်း ကပြောသည်။

မီးလောင်မှု ဖြစ်စဉ်ကြောင့် အင်ဂျင်စက် တစ်လုံးအပါအဝင် ထိုင်ခုံအလုံး ၂ဝ၊ ခရီးသည်များ၏ အဝတ်အစားအိတ်များ မီးလောင်မှုရှိခဲ့ပြီး မီးစတင်လောင်ကျွမ်းချိန်တွင် မဲဒင်ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းမီး 
ငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

''စည်းကမ်းတွေ ဒီထက်ပိုပြီးတော့ တင်းကျပ်ဖို့လိုလာပြီ။ ရေယာဉ်ပိုင်ရှင်တွေရော ခရီးသွားတွေပါ လိုက်နာနိုင်မယ့် စည်းကမ်းတွေ ထုတ်ဖို့လိုတယ်'' ဟု ကနီမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကပြောသည်။

အခင်းဖြစ်ပွားသည့် နေရာသည် ကနီမြို့နယ်မှ ၈ မိုင်ခန့် ကွာဝေးကြောင်းသိရပြီး ခရီးသည်များကို အဆိုပါအမြန် ရေယာဉ်လိုင်းမှ အခြားရေယာဉ်တစ်စင်းဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment