Pages

Tuesday, July 4, 2017

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားများ အလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာမြို့နယ်ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေ



မြ၀တီ ၄-၇-၂၀၁၇

ကရင်ပြည်နယ် မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကျွမ်းကျင်သည့် အလုပ်နှင့် လုပ်ကိုင်လိုသည့် အလုပ်ကို စာရင်းကောက်ယူနေကာ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

''အခု သူတို့ကို ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်ချင်တယ်ဆိုရင် သူတို့ဘာကျွမ်းကျင်လဲ။ ဘာအလုပ်လုပ်ချင်လဲ။ ဘယ်မှာလုပ်ချင်လဲ ဆိုတာကိုမေးပြီး စာရင်းပြုစု ပေးပါတယ်။ အဲဒီစာရင်းတွေကို သက်ဆိုင်ရာမြို့နယ် ရုံးတွေကိုပို့ပြီး အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးဖို့ ဆောင်ရွက် ပေးနေပါတယ်''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ပြောပြသည်။

''အခုလဲသူတို့ကို ကျွေးမွေးရေးတွေ၊ နေထိုင်ရေး၊ ကျန်းမာရေးကအစ ဆောင်ရွက် ပေးနေပါတယ်။ နေအိမ်ပြန်ဖို့ကိုလဲ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ် (မြဝတီ) က တာဝန်ရှိသူတွေကနေ အိမ်အရောက် ငွေကြေးလုံးဝမကောက်ဘဲအခမဲ့ ပြန်ပို့ပေးနေပါတယ်။ အခုထိုင်းက ဥပဒေသစ်ကို ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ နှစ်နိုင်ငံဒီထက် ပိုကောင်းတဲ့ နည်းစနစ်၊ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ပိုကောင်းတဲ့စနစ်နဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဥပဒေကျင့်သုံးခြင်းကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းထားသော်လည်း ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ဆက်လက်ပြန်လာ နေကြခြင်းဖြစ်ကာ ဇွန်၂၉ ရက်မှ ဇူလိုင် ၂ ရက်ထိ ပြန်လာသူ အမျိုးသား ၉၇ဝ၄ ဦး၊ အမျိုးသမီး ၅၇၇၂ ဦး၊ စုစုပေါင်း ၁၅၄၇၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများ ပြန်လည် ဝင်ရောက်လာရာတွင် ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့က မြဝတီမြို့ (၉၉၉) ဂိတ်မှသာ ဝင်ရောက်ခဲ့သော်လည်း ထိုင်းနိုင်ငံအလုပ်သမား ဥပဒေသစ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းလိုက်သည့် နောက်ပိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုဖြင့် ဇူလိုင် ၁ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ နှစ်နိုင်ငံတာဝန်ရှိသူများ အလွှဲအပြောင်းဖြင့် ချစ်ကြည်ရေးတံတားမှ တရားဝင် ပြန်လည်လက်ခံခဲ့ကြောင်း သိ
ရသည်။

#Yadanarpondaily

No comments:

Post a Comment