Pages

Wednesday, July 5, 2017

ညောင်လေးပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များပျက်စီး



ညောင်လေးပင် ၅-၇-၂၀၁၇

ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာ အုပ်စုတွင် ဇူလိုင် ၃ ရက် ည ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့ပြီး ထင်းကုန်းကျေးရွာ အုပ်စုတွင်လည်း ယနေ့ နံနက် ၃ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာများရှိ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရေဖြူကန်ကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ရှိ ပေ(၃ဝx၆ဝ) အုပ်ညှပ်သွပ်မိုး စာသင်ဆောင်တစ်ဆောင်တွင် မြားတန်း (၁၈ ပေ) ၃၆ ချောင်းနှင့် သွပ်ချပ်ရေ စုစုပေါင်း ၁ဝ၈ချပ် ငွေကျပ် ၁၆၆ဝ၂ဝဝခန့် အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်နှစ်လုံး သွပ်အမိုးလန်ခဲ့ရာ စုစုပေါင်းငွေကျပ် ၈ဝဝဝဝဝခန့်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ထင်းကုန်းကျေးရွာအုပ်စု ထင်းကုန်းကျေးရွာတွင် လူနေအိမ်နှစ်လုံးပြိုကျ၍ လူနေအိမ်၁ဝလုံး သွပ်အမိုးလန်ခဲ့ကြောင်း ၊ ဒုံစရစ်ကျေးရွာတွင် လူနေအိမ် ၁၁လုံး သွပ်အမိုးလန်ပြီး ကျောက်ပုံကျေးရွာတွင် လူနေအိမ် သုံးလုံးပြိုကျ၍ လူနေအိမ် ၁၄လုံး သွပ်အမိုးလန်ခဲ့ရာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆၇၅ဝဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထင်းကုန်းကျေးရွာအုပ်စု ထင်းကုန်းကျေးရွာ၊ ဒုံစရစ်ကျေးရွာနှင့် ကျောက်ပုံကျေးရွာရှိ ပြိုကျအိမ်များနှင့် သွပ်အမိုးလန်အိမ်များကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများပူးပေါင်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment