Pages

Friday, July 7, 2017

သစ်သားပန်းပု လုပ်ငန်းများအတွက် သစ်ကုန်ကြမ်းအခက်အခဲကို ကူညီပေးရန်လိုအပ်



ရန်ကုန် ၇-၇-၂၀၁၇

ပြည်တွင်းရှိ သစ်သားပန်းပုလုပ်ငန်း လုပ်ကိုင်နေသူများတွင် သစ်ကုန်ကြမ်း ရှားပါးသည့် အခက်အခဲများ ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာဌာနမှ ယင်းလုပ်ငန်းများအတွက် ထည့်သွင်းစဉ်းစားကာ သစ်ကုန်ကြမ်းများ ချထားပေးရန် လိုအပ်ကြောင်း မြန်မာ့လက်မှု အနုပညာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အောင်ထံမှ သိရသည်။

မြန်မာ့လက်မှုအနုပညာ ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်သော ပန်းပုလုပ်ငန်း လုပ်ကိုင်သူများမှာ လတ်တလော အနေဖြင့် တစ်ပိုင်တစ်နိုင် ကုန်ကြမ်းရှာ၍ ထုလုပ်နေရခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရက သစ်လုပ်ငန်းရှင်များ အသင်းနှင့် ပရိဘောဂလုပ်ငန်းရှင်များ အသင်းတို့ထံ သစ်ကုန်ကြမ်း ချထားပေးမှုများ ရှိသော်လည်း မြန်မာ့လက်မှု အနုပညာအသင်းသို့ ချထားပေးခြင်း မရှိသေးကြောင်း သိရသည်။

''လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ ကုန်ကြမ်းရရှိဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတယ်။ ကုန်ကြမ်း ဆိုတာကလည်း ပန်းပုအကြီးကြီးတွေ ထုတာမဟုတ်ဘူး။ အသေးလေး တွေလောက်ပဲ ထုတာဖြစ်တယ်။ ဗိုလ်ချုပ်ဈေးမှာ ရောင်းနေတဲ့ ပန်းပုရုပ်တွေကတော့ လောလောဆယ် ရှိနေဆဲပါ'' ဟု ဦးမောင်မောင်အောင် ကပြောသည်။

ပန်းပုလုပ်ငန်းများ အနေဖြင့် လက်ရှိတွင်ကုန်ကြမ်း အခက်အခဲရှိနေ သော်လည်း ပုံမှန်လည်ပတ် နိုင်သေးကြောင်း၊ သို့ရာတွင် ယခုအနေအထားအတိုင်း ကုန်ကြမ်းရှားပါးမှု ဆက်လက်ဖြစ်ပေါ်ပါက လုပ်ငန်းတိုးတက်ရန် မလွယ်ကူနိုင်ကြောင်း ပန်းပုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment