Pages

Tuesday, July 4, 2017

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝရေလှောင်တမံတွင် ဆည်ရေပြည့် အမှတ်ရောက်ရှိနေသဖြင့် မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ရေလျှံမှုဖြစ်မည်ကို စိုးရိမ်နေ



ပွင့်ဖြူ ၄-၇-၂၀၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝ ရေလှောင်တမံတွင် ယခုရက်ပိုင်း ဇူလိုင် ၂ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်ရေပြည့်အမှတ် ရောက်ရှိနေကာ ပွင့်ဖြူမြို့နယ် မုန်းချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယခုနှစ်တွင် ဒေသတွင်းမိုးဦး ကောင်းခဲ့သဖြင့် ဆီမီးချောင်းနှင့် ကြီးချောင်းတို့မှ ဝင်လာသောရေများကြောင့် ဇွန် ၂၃ ရက်မှစတင်ကာ ဆည်ရေပြည့်ခဲ့ပြီး ရေကျော်ခဲ့ ခြင်းဖြစ်သည်။

''ကျွန်တော်တို့ကျေးရွာတွေက မုန်းချောင်းကမ်းနံဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ မိုးဆက်တိုက်ရွာလို့ ကြီးအုံကြီးဝ ရေလှောင်တမံအတွင်း ရေပြည့်နေပြီး ရေလျှံကျော်တက်မှု တွေဖြစ်တော့ဆည်ရဲ့အောက်ဘက်ရှိ ကျေးရွာမှာရှိတဲ့ ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။

အရင်ကလဲ ဆည်ရေတွေလျှံပြီး ပွင့်ဖြူတစ်မြို့နယ်လုံး ရေဘေးဒုက္ခကြုံတွေ့ခဲ့ ဖူးပါတယ်။ အဲဒီလိုကြုံလာရင် လူတွေ၊ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနဲ့ လယ်ယာ စိုက်ပျိုးမြေတွေအားလုံး နစ်နာဆုံးရှုံးခဲ့ရတယ်။ ဒါ့ပြင် စိုက်ပျိုးထားတဲ့ သီးနှံပင်တွေပါ ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့်ဆည်ရေ ပြည့်နေတယ်ကြားရင် ကျွန်တော်တို့ စိုးရိမ်ထိတ်လန့် နေရပါတယ်''ဟု ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးဝင်းတင်က ပြောပြ၍ သိရသည်။

အဆိုပါ ကြီးအုံကြီးဝ ရေလှောင်တမံသည် စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ စီးဆင်းလာသော မုန်းချောင်း၊ ဆီမီးချောင်းနှင့် မိုးတွင်းကာလတွင်သာ စီးဆင်းသော ကြီးချောင်းတို့မှ ရေကို သိုလှောင်ထားရှိပြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ မဲဇလီရေလွဲဆည်မှ မြောက်မုန်း၊ တောင်မုန်း၊ မြောင်းမကြီးနှစ်သွယ်မှ စိုက်ပျိုးမြေများကို ဖြန့်ဝေပေးရာ နွေစပါး၊ မိုးစပါး စိုက်ဧက ၈၂ဝဝဝ ကျော်ကို စိုက်ပျိုး ရေပြည့်ဝစွာပေး နိုင်သည့်အပြင် လျှပ်စစ်ဓာတ်အား ၇၄မဂ္ဂါဝပ်ကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment