Pages

Wednesday, July 26, 2017

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ အရိပ်ရသစ်ပင်ကြီးများ အောက်တွင် မြန်မာ့ရိုးရာ ရုပ်စုံရောင်းချသူများ ယခုနှစ်တွင် ပိုမိုများပြားလာ



ညောင်ဦး ၂၆-၇-၂၀၁၇

တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချ နေသော ညောင်ဦးမြို့နယ် ပုဂံဒေသပြည်သူများ အနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ အရိပ်ရသစ်ပင် ကြီးများအောက်တွင် မြန်မာမှုလက်ရာ များဖြစ်သော မြန်မာ့ရိုးရာရုပ်စုံ ရောင်းချသူများမှာ ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း ပုဂံမြို့သစ် မြန်မာ့ ရိုးရာရုပ်စုံ ရောင်းချသူများထံမှ သိရသည်။

ပုဂံဒေသ ထွက်လက်ရာဖြစ်သော ဇော်ဂျီရုပ်၊ ရုပ်သေးရုပ်၊ မင်းသားရုပ်၊ မင်းသမီးရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ဘီလူးရုပ် စသော မြန်မာ့ရိုးရာရုပ်စုံများကို အိမ်ဆိုင်၊ စတိုးဆိုင်ကြီးများတွင် တင်ပြရောင်းချ လျက်ရှိသော်လည်း ယခုအခါ အဆိုပါဆိုင်များတွင် ရောင်းချသည့်အပြင် ပုဂံဒေသအထင်ကရ စေတီများအနီးတွင် အရိပ်ရသစ်ပင်ကြီး များအောက်၌ ဒေသခံပြည်သူများက ကိုယ်တိုင်လုပ်၍ လည်းကောင်း၊ ဆိုင်ကြီးများမှ ဖောက်သည်ယူ၍လည်းကောင်းအဆိုပါရုပ်စုံများကို သစ်ပင်ကြီးများတွင် ကြိုးရှည်ရှည်ဖြင့် ချိတ်ဆွဲ၍ ပြသရောင်းချ လျက်ရှိကြောင်း သိရသည်။

''ဒီလိုရောင်းချနေတာကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း တွေကတော့ အထူးပိတ်ပင်မှု မရှိသေးပါဘူး။ ဒီလုပ်ငန်းက တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အတွက်လဲ ဆွဲဆောင်မှုဖြစ်တဲ့ လုပ်ငန်းလဲ ဖြစ်ပါတယ်။ ဒီလိုရောင်းချ တာဟာ ရှေးဟောင်းစေတီ အဆောက်အအုံ ကိုလဲ ကွယ်တာ၊ ဖုံးတာမရှိပါဘူး။ ဒီလိုရောင်းချတဲ့ နေရာတွေဆိုရင် သန့်ရှင်းရေး အထူးလုပ်ရတဲ့အတွက် နယ်မြေသန့်ရှင်းမှုကိုလဲ အထူးဖြစ်စေပါတယ်''ဟု မြန်မာ့ရိုးရာ ရုပ်စုံရောင်းချသူ ဦးတင်လင်းအောင်က ပြောပြသည်။

လက်ရှိပုဂံရှေး ဟောင်းနယ်မြေအတွင်း၌ အရိပ်ရသစ်ပင်ကြီးများ အောက်တွင် ရုပ်စုံရောင်းချသည့် နေရာမှာ ၃ဝ ခန့်ရှိနေပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှစ၍ ၎င်းစနစ်ဖြင့် ရောင်းချသူများ ပိုမိုများပြားလာကြောင်း၊ ထိုသို့ရောင်းချ ခြင်းဖြင့် ခရီးသွားလုပ်ငန်းတွင် ဆွဲဆောင်မှု တစ်ရပ်ဖြစ်စေကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ၏ လုံခြုံရေးကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ ပုဂံဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိစေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#yadnarpondaily

No comments:

Post a Comment