Pages

Wednesday, July 26, 2017

ပါမစ်အတု ဂရန်အတုများနှင့် အိမ်ခြံမြေရောင်းချနေမှုများ ရှိလာသဖြင့် သေချာစွာစုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်


မန္တလေးမြို့တွင်းတစ်နေရာကို တွေ့ရစဉ်။

ရန်ကုန် ၂၆-၇-၂၀၁၇

ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများ၌ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ပါမစ်အတု၊ ဂရန်အတုများဖြင့် လိမ်လည်ရောင်းချမှုများ များပြားလာ၍ သက်ဆိုင်ရာဌာနများတွင် သေချာစွာတိုက်ဆိုင် စစ်ဆေးပြီးမှ အရောင်းအဝယ်ပြုလုပ် သင့်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခုနောက်ပိုင်း အိမ်ခြံမြေများလိမ်လည် ရောင်းချရာတွင် အသုံးပြုသော ပါမစ်အတု၊ ဂရန်အတုများသည် အစစ်နှင့်ခွဲခြားမရအောင် ပုံတူပြုလုပ်ထားခြင်းကြောင့် အိမ်ခြံမြေဝယ်ယူလိုသူများ အနေဖြင့် မိမိဝယ်ယူ မည့်အိမ်ဂရန်များ၊ ပါမစ်များကို သက်ဆိုင်ရာ မြို့နယ်များရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများ၊ စည်ပင်သာယာရေး ကော်မတီများတွင် သွားရောက်စုံစမ်း စစ်ဆေးကြည့်မှသာ အတု၊ အစစ် ကွဲပြားစွာသိရှိနိုင်ကြောင်း သိရသည်။

ထိုသို့ စာရွက်စာတမ်း အတုများဖြင့် ပုံတူပြုလုပ်၍ လိမ်လည်ရောင်းချ သူများရှိ သကဲ့သို့ ပါမစ်များ၊ ဂရန်များကို ပျောက်ဆုံးသွားသည်ဟု အကြောင်းပြကာ အသစ်ပြန်လည် လျှောက်ထားပြီးနောက် ဂရန်နှစ်ခုဖြင့် ဝယ်သူနှစ်ဦးကို တစ်ပြိုင်နက်တည်း လိမ်လည်ရောင်းချသူများ လည်းရှိသည်။

ယင်းကဲ့သို့ လိမ်လည်ရောင်းချ သူများသည် အများအားဖြင့် အုပ်စုဖွဲ့ကာ လိမ်လည်နေကြခြင်း ဖြစ်ပြီး ထိုသို့ လိမ်လည်ရောင်းချ နေမှုများကို သက်ဆိုင်ရာအနေဖြင့် တိုင်ကြားမည့် သူရှိမှသာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး သီးသန့်စုံစမ်း ဖော်ထုတ်သည့် အဖွဲ့ဖွဲ့စည်း၍ လိုက်လံအရေးယူ ခြင်းများ မလုပ်ဆောင်နိုင် သေးကြောင်း သိရသည်။

အိမ်ခြံမြေများ ဝယ်ယူကြသောအခါ သတ်မှတ်ထားသည့် အဆင့်လိုက် စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်သော်လည်း ဝယ်ယူသူအများစုသည် ယင်းကဲ့သို့ စနစ်တကျ စစ်ဆေးမှုများ မပြုလုပ်ကြ၍ အလိမ်ခံရသော ပြဿနာများ တွေ့ကြုံရခြင်း ဖြစ်ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက နားလည်တတ်ကျွမ်းသူ များအကူအညီဖြင့် သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြား သင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment