Pages

Wednesday, June 28, 2017

သနပ်ပင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးသစ်ဖွင့်လှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် သနပ်ပင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးသစ် ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်။

နေပြည်တော် ၂၈-၆-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် စစ်မှုထမ်းဟောင်း ရုံးသစ်ဖွင့်ပွဲကို ဇွန် ၂၆ ရက်နေ့လယ်ပိုင်းတွင် အဆိုပါ စစ်မှုထမ်းဟောင်းရုံး၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်၊ ကျောင်းသုံးစာရေးကိရိယာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါစစ်မှု ထမ်းဟောင်းရုံးသည် အလျားပေ ၅၀၊ အနံ ၂၃ ပေရှိသည့် အုတ်ညှပ်အမျိုး အစားသွပ်မိုးနှစ် ထပ်အဆောက်အအုံဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်မှစတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ ၁၂၄ ဦးတို့ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား အင်းတိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment