Pages

Thursday, June 8, 2017

ရွှေတုံးများ ခိုးသယ်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို တာချီလိတ်လေဆိပ်တွင် ဖမ်းဆီးရမိ



တာချီလိတ် ၈-၆-၂၀၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် ရွှေတုံးများတရားမဝင် ခိုးသယ်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဇွန် ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

တရုတ်နိုင်ငံသားသည် တရားဝင် ဝင်ရောက်ခဲ့သော်လည်း ရွှေတုံးများသယ်လာပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေ (လတ်တလောပြဌာန်းချက်များ) ပုဒ်မ ၄ (၁) ကို ကျူးလွန်သဖြင့် တာချီလိတ်မြို့မရဲ စခန်းတွင် (ပ)၁၈၈/ ၂၀၁၇၊ အဆိုပါဥပဒေပုဒ်မ ၁၃ (၁) အရအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံသားသည် တာချီလိတ်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ကမ္ဘောဇလေကြောင်းလိုင်းဖြင့် စီးနင်းရန်လာရောက်စဉ် ထွက်ခွာစစ်ဆေးရေးခန်း၌ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်က စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသော ခြေအိတ်အတွင်းမှ စုစုပေါင်းအလေးချိန် (၂.၁၅) ကီလိုဂရမ်ဝန်းကျင်ရှိ ရွှေတုံး (၄) တုံးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“လေဆိပ်ကနေ ထွက်ခွာကြမယ့် အမျိုးသားခရီးသည် တွေကို BODY SEARCH မှာ လုံခြုံရေးအတွက် ရှာဖွေ စစ်ဆေးရပါတယ်။ တရုတ်နိုင်ငံသား ခရီးသည်ကို စစ်ဆေးရတော့ ရာသီဥတုပူအိုက် နေချိန်မျိုးမှာ ခြေအိတ်ပါတဲ့ ဖိနပ်ကို စီးထားတာတွေ့ရလို့ ခြေအိတ်ချွတ်ပြပေးဖို့ စစ်ဆေးရာကနေ ခြေထောက်ရဲ့ဘယ်နဲ့ ညာမှာဝတ်ဆင်ထားတဲ့ ခြေအိတ်အတွင်းကနေ ရွှေတုံး (၂) တုံးစီကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”ဟု တာချီလိတ် လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး အောင်ကိုမြင့်ကပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ ပတ်စ်ပို့အမှတ် E 77057704 ကိုင်ဆောင်ထားသူ Mr.TENG LIANG BING ဆိုသူဖြစ်ပြီး ၎င်းအား လေဆိပ်တွင် တာဝန်ကျသည့် တာချီလိတ်မြို့ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး၊ ဒုတိယ ဦးစီးမှူးထံ လွှဲပြောင်းပေးအပ် ခဲ့ပြီးနောက် ယင်းနေ့ညနေ (၃) နာရီခွဲတွင် တာချီလိတ်လေဆိပ်မှ တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment