Pages

Friday, June 23, 2017

မြန်မာ့ရိုးရာ မှန်ပန်းချီပညာရပ် တိမ်ကောပပျောက်မသွားစေရန် တက္ကသိုလ်များတွင် သင်ကြားသင့်ဟုဆို



မန္တလေး ၂၃-၆-၂၀၁၇

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ မှန်ပန်းချီပညာရပ် တိမ်ကောပပျောက် မသွားစေရန် တက္ကသိုလ်များတွင် ဒီပလိုမာတစ်ခု အနေဖြင့်ထည့်သွင်း သင်ကြားသင့်ကြောင်း မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာ တင်နိုင်ဝင်းက ပြောပြ၍ သိရသည်။

''မှန်ပန်းချီပညာကို ပြန်လည်ဖော်ထုတ်ချင်တယ်။ ပညာရပ်ကို ဖြန့်ဖြူးချင်တယ်။ နံပါတ်တစ်အနေနဲ့ ပြည်သူလူထုကို ပြန်သိသွားဖို့နဲ့ နောက်တစ်ခုက ရှာဖွေတွေ့ရှိထားတဲ့ မှန်ပန်းချီပညာကို လက်ကျန် ပညာရှင်ကြီးတွေက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ပန်းချီဌာနမှာ ပြန်ပြီးတော့ သင်ရိုးခွဲတစ်ခုအနေနဲ့ ပညာပေးဖို့ပါ။ လက်ရှိတွေ့တဲ့ မှန်ပန်းချီနဲ့ပတ်သက်တဲ့ အထောက်အထား တွေအရ ဒီပညာ ရပ်ဟာလွန်ခဲ့တဲ့ နှစ် ၂ဝဝ လောက်မှာ ရှိမယ်လို့ အနီးစပ်ဆုံးတွေ့ရတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါပညာရပ်ကို သင်ကြားရာတွင် ဒီပလိုမာတစ်ခုအနေဖြင့် အရည်အချင်း ကန့်သတ်ချက် ရှိရမည်ဖြစ်ပြီး တက်ရောက် လိုသူများသည် အခြေခံပန်းချီ ပညာတတ်ကျွမ်းရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိရေးဆွဲနေသော မှန်ပန်းချီပညာရှင်များ အနေဖြင့် အဖွဲ့တစ်ခုဖွဲ့စည်းကာ မှန်ပန်းချီပညာရပ် ထွန်းကားစေရန် ဆက်လက် လုပ်ဆောင်သင့်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များက နိုင်ငံတော် စီမံကိန်းများဖြစ်သည့် အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် မှန်ပန်းချီကို ထည့်သွင်းတည်ဆောက်ခြင်း၊ ပြတင်းပေါက် အကွက်များတွင် ထည့်သွင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ပါက အများပြည်သူပိုမိုသိရှိ လာမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment