Pages

Tuesday, June 27, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်၊ ငွေကျပ် ၁၉၅၃၃၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအားဖျက်ဆီး


သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များအား မီးရှို့ဖျက်ဆီးစဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ကွန်ပျူတာပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ မူးယစ်ဆေးဝါး ပပျောက်ရေး လှုပ်ရှားမှုပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များအား မီးရှို့ဖျက်ဆီးခြင်းကို တောင်ကြီးမြို့ရှိ အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် အမှာစကား ပြောကြားပြီးတိုင်းမှူးနှင့် တာဝန်ရှိသူများက စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉၅၃၃၉ ဒသမ ၂၁၁၃ သန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခြင်းနှင့် မြေကျင်းအတွင်း သွန်ချဖျက်ဆီးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment