Pages

Tuesday, May 23, 2017

ယခုနှစ်မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက်ဖို ၂၃ ဖိုအတွက် လုပ်ငန်းရှင် ၁၂ ဦးကို ယာယီလိုင်စင်ခွင့် ပြုထုတ်ပေးသွားမည်



နေပြည်တော် ၂၃-၅-၂၀၁၇

ယခုနှစ် မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက်ဖို ၂၃ ဖိုအတွက် လုပ်ငန်းရှင် ၁၂ဦးကို ယာယီလိုင်စင်များ ဆက်လက်ခွင့်ပြု ထုတ်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ရေနံလက်ယက်တွင်းများ မှထွက်ရှိသည့် ရေနံစိမ်းများကို ရေနံချက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များကို ဒေသန္တရရေနံ ချက်လုပ်ငန်း ယာယီလိုင်စင်များ အခမဲ့ခွင့်ပြုထုတ်ပေး လျက်ရှိရာ ယခုနှစ် မန္တလေးတိုင်း ဒေသကြီးတွင် ဒေသန္တရရေနံချက် လုပ်ငန်းရှင် ၁၂ ဦးနှင့်ချက်ဖို ၂၃ ဖိုတို့ကို ဒေသန္တရရေနံ ချက်လုပ်ခြင်း လုပ်ငန်းယာယီ လိုင်စင်များကို ဆက်လက်ခွင့်ပြု ထုတ်ပေးသွား မည်ဖြစ်သည်။

အဆိုပါလိုင်စင်များမှာ ၂ဝ၁၈ ခုနှစ် မတ် ၃၁ရက်ထိ သက်တမ်းရှိသော ဒေသန္တရ ရေနံချက် လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင် များဖြစ်ကာ ရေနံချက်ဖို လိုင်စင်ကြေး အနေဖြင့် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဧပြီလက မန္တလေးတိုင်း ဒေသကြီးက လုပ်ငန်းရှင် ခြောက်ဦးကို ယာယီလိုင်စင် ထုတ်ပေးခဲ့ပြီးပါပြီ။ ဒီနှစ်ဒီချိန် ထိတော့ တစ်နိုင်ငံလုံးမှာ ၁၄၄ ဦးကို ယာယီလိုင်စင်တွေ ထုတ်ပေးထားပြီးပါပြီ'' ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောပြသည်။

အလားတူ ယခုနှစ်တွင် ဒေသန္တရရေနံ ချက်လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင်များကို မန္တလေးတိုင်းဒေသကြီးမှ လုပ်ငန်းရှင် ၁၂ ဦးနှင့် ချက်ဖို ၂၃ ဖိုအပြင် ရန်ကုန်တိုင်း ဒေသကြီးတွင် လုပ်ငန်းရှင်တစ်ဦးနှင့် ရေနံချက်ဖို နှစ်ဖို၊ ဧရာဝတီတိုင်း ဒေသကြီးတွင် လုပ်ငန်းရှင် ၂၅ ဦးနှင့်ရေနံချက်ဖို ၄ဝ စုစုပေါင်း လုပ်ငန်းရှင် ၃၈ ဦးနှင့်ချက်ဖို ၆၅ဖိုကို ယာယီလိုင်စင် ဆက်လက်ခွင့်ပြုထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်ထိ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် လုပ်ငန်းရှင် ၁၁၂ ဦးနှင့် ချက်ဖို ၃၁၉ ဖိုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လုပ်ငန်းရှင်နှစ်ဦး
နှင့်ချက်ဖိုသုံး ဖိုကိုလည်းကောင်း စုစုပေါင်း လုပ်ငန်းရှင် ၁၁၄ ဦးနှင့်ချက်ဖို ၃၂၂ ဖိုကို ၂ဝ၁၈ခုနှစ် မတ် ၃၁ရက်ထိ သက်တမ်းရှိသည့် ဒေသန္တရရေနံချက် လုပ်ခြင်းလုပ်ငန်း ယာယီလိုင်စင်များကို ရေနံချက်ဖိုလိုင်စင်ကြေး ငွေကျပ် တစ်သိန်းနှုန်းဖြင့် ခွင့်ပြုထုတ် ပေးပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment