Pages

Friday, May 26, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံသို့ တင်သွင်းမည့် ကဏ္ဍငါးခုနှင့် ပတ်သက်၍ ဆွေးနွေးမှုစတင် အများစုကို သဘောတူညီမှု ရရှိ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဒုတိယနေ့
သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။

နေပြည်တော် ၂၆-၅-၂၀၁၇

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) နောက်ဆုံးနေ့တွင် တင်သွင်းမည့် ကဏ္ဍငါးခုတွင်ပါဝင်သည့် အခြေခံမူနှင့် အချက်ေ ပါင်း ၄၁ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ဒုတိယနေ့တွင် စတင်ဆွေးနွေးခဲ့ပြီး အများစုကို သဘောတူ ညီမှုရရှိကြောင်း ဒုတိယနေ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍငါးခုကို အစိုး ရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့က ဆွေးနွေးခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပါဝင် သည့်အခြေခံမူနှင့် အချက်အများစုကို သဘောတူညီနိုင်ခဲ့ကြောင်း ကဏ္ဍအသီးသီးတွင် တာဝန်ယူထားသည့် UPDJC အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြောကြားသည်။

နိုင်ငံရေးကဏ္ဍတွင် ပါဝင်သူဒေါက်တာ လျန်မှုန်းဆာခေါင်းက ''နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်ခွဲအနေနဲ့ အချုပ်အခြာအာဏာ ကိစ္စဖြစ်တယ်။ ဒုတိယက အချုပ်အခြာအာဏာ ကျင့်သုံးမှုဖြစ်တယ်။ တတိယက တန်းတူရေးဖြစ်တယ်။ စတုတ္ထကကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဖြစ်တယ်။ ပဉ္စမက ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ နံပါတ်ခြောက်ကတော့ ပါတီစုံဒီမိုကရေစီကိစ္စဖြစ်တယ်။ ဒီနေ့ဆွေးနွေးချက်အားလုံးကို ကြည့်မယ်ဆိုရင် ပုံစံလေးခု ထွက်လာတယ်။ ဆွေးနွေးတဲ့ ဆွေးနွေးချက်အားလုံး အပြုသဘောဆောင်တယ်။ အားလုံးက ပြည်ထောင်စုသဘောတူ စာချုပ်အထိ လက်မှတ်ရေးထိုးဖို့ ကြိုးစားကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှုနဲ့ ဆွေးနွေးကြတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံရေးကဏ္ဍဟာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ တင်ပြချင်ပါတယ်''ဟု ပြောသည်။

စီးပွားရေးကဏ္ဍတွင်ပါဝင်သူ မင်းဇေယျာဦးက ''ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စီးပွားရေးမူဝါဒတွေဆွေးနွေးပါတယ်။ စုစုပေါင်းရှစ်ချက်ရှိပါတယ်။ ကျွန်တော်အခု ထွက်လာတဲ့အထိ စီးပွားရေးကဏ္ဍ ဆွေးနွေးနေဆဲပါ။ ဆွေးနွေး ချက်ငါးခု ဆွေးနွေးပြီးပါပြီ။ ငါးခုလုံးမှာ ၁ ကနေ ၅ အထိမူအရသဘော တူညီချက်ရပါတယ်။ ဆွေးနွေးမှုတွေ ကောင်းမွန်ပါတယ်။ စကားလုံးပြင်ဆင် တာလောက်ပဲ နည်းနည်းလေးဆွေးနွေး ကြတာများပါတယ်''ဟု ပြောကြားသည်။

လူမှုရေးကဏ္ဍတွင် ပါဝင်သူဦးဇော်ဌေးက ''လူမှုရေးကဏ္ဍမှာ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ အခြေခံမူ လေးချက်ရှိပါတယ်။ အခြေခံမူဖြစ်တဲ့အတွက် အကောင်အထည် ဖော်ရမယ့် အဆင့်တွေကို ဖယ်ထားရပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာစံနှုန်း ပြည်တွင်းအနေအထားနဲ့ ချိန်ကိုက်ပြီး လုပ်ထားပါတယ်။ ဒီနေ့ လူမှုရေး ကဏ္ဍမှာလေးချက်လုံး ပါဝင်ဆွေးနွေး နိုင်ခဲ့ပါတယ်'' ဟုပြောသည်။ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင်ပါဝင်သူ ဦးမြင့်စိုးက ''မြေယာကဏ္ဍမှာ အခြေခံမူခြောက်ချက် ဖြစ်ပါတယ်။ အခြေခံမူနဲ့ ပတ်သက်ပြီး အချို့စကားလုံး အသုံးအနှုန်း အကြံပြုတင်ပြတာရှိပါတယ်။ တစ်ခုချင်းအပေါ် လက်မခံနိုင်တာ သိပ်မတွေ့ရပါဘူး။ အချို့စကားလုံးတွေ ပြင်ဆင်ချင်တာ တွေ့ရပါတယ်။ ဒါကိုမှတ်တမ်း အနေနဲ့ထားရှိပါတယ်။ မနက်ဖြန်မှာတော့ အကြံပြုချက်တွေနဲ့ ပြန်လည်သုံးသပ်ပြီး ရရှိတဲ့အချက် အလက်တွေ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်'' ဟုဖြေကြားသည်။

လုံခြုံရေး ကဏ္ဍတွင်ပါဝင်သူ ရဲဘော်မျိုးဝင်းက ''လုံခြုံရေးကဏ္ဍမှာ ချမှတ်ထားတာက နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ လုံခြုံရေးကဏ္ဍပါ။ လုံခြုံရေးကဏ္ဍက တိုင်းပြည်အတွက် အရေးကြီးလို့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ စတင်ဆွေးနွေးခြင်း မပြုဘဲ ပြည်ထောင်စုအဆင့်မှာသာ စတင်ဆွေးနွေးဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်အခြေခံမူဝါဒ အဖြစ်နဲ့ ညီလာခံကိုတင်ပြ နိုင်ခြင်းမရှိပါဘူး။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုအရ အနာဂတ်ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်း ဖြစ်ရေးဆိုတဲ့ဟာကို မူအားဖြင့်လုပ်ငန်း ကော်မတီအဆင့်မှာ ဆွေးနွေးထားတယ်။ ဒီညီလာခံမှာ လုပ်ငန်းကော်မ တီကရရှိထားတဲ့သဘောထား UPDJC ရဲ့လမ်းညွှန်မှုနဲ့အညီ ဒီကနေ့မှာ လုံခြုံရေးကဏ္ဍမှာ တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ပါတယ်''ဟု ပြောကြားသည်။

အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့က ကဏ္ဍငါးခုအပေါ် ယနေ့တွင် စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့ အတည်ပြုနိုင်မှု မတိုင်မီအထိ ပြင်ဆင်ဖြည့်စွက်မှုများ ရှိနေမည်ဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment