Pages

Friday, May 5, 2017

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဒသမအကြိမ် အစည်းအဝေး ဒုတိယနေ့ကျင်းပ


ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဒသမ အကြိမ်အစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်။

ရန်ကုန် ၅-၅-၂၀၁၇

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ ဒသမအကြိမ် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ကျင်းပရာ မိုင်းရှင်းလင်းရေးကို ကရင်ပြည်နယ်တွင် တပ်မတော်က ဦးဆောင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ (JMC-U) ကော်မတီ ဝင်တပ်မတော်သား ကိုယ်စားလှယ် အရာရှိကြီးများ၊ JMC-U တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ JMC-U အရပ်သားကိုယ်စား လှယ်များ၊ JMC-U-S Level မှကိုယ်စားလှယ်များ၊ နည်းပညာအထောက် အကူပြုအဖွဲ့များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြသော JMC-U-S Level မှ ကိုယ်စားလှယ်များက JMC-U လုပ်ငန်းဆောင်ရွက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်နေသည့် JMC-U လုပ်ငန်းများတွင် ခက်ခဲနေသည့် အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့် ယင်းအပေါ် အစိုးရဘက်မှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခြင်း တို့ဆောင်ရွက်ကြသည်။

အစည်းအဝေး အပြီးမီဒီယာများနှင့် တွေ့ဆုံစဉ် JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ''မိုင်းရှင်းလင်းရေးကတော့ တပ်မတော်အနေနဲ့ သတ်မှတ်ထားတဲ့ သဘောထားရှိပါတယ်။ ဒါကတော့ NCA မှာ မိုင်းရှင်းလင်းရေး ကိစ္စဆောင်ရွက်ရမယ် လို့ပါရှိပါတယ်။ ဒါကိုတပ်မတော်က ဆောင်ရွက်ဖို့ ဒီနေ့ဆွေးနွေး ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်မှာ စတင်ဆောင်ရွက်သွားမှာပါ။ တပ်မတော်ရဲ့သဘောထားက ဒီအပိုင်းတွေကို ဦးဆောင်ပြီး ပြန်လည်ရှင်းလင်း ပေးသွားမယ်။ ဒါကိုပြည်ပက အထောက်အပံ့ပေး ချင်တယ်ဆိုရင် နည်းပညာပိုင်းအထောက်အပံ့ ပေးမယ့်ပစ္စည်းတွေဆိုရင် လက်ခံသွားမယ်။ ရှင်းလင်းတဲ့ အပိုင်းကိုတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ကပဲ ပူးပေါင်းရှင်းလင်း သွားဖို့ရှိတယ်။ ဒါကို EAOs တွေဘက်က ပြန်လည် ဆွေးနွေးသွားမယ် ဆိုတဲ့အချက်တွေ ဆွေးနွေး ဖြစ်တယ်။ နယ်မြေပိုင်းခြား သတ်မှတ်ရေးအပိုင်းကိုလည်း ဆွေးနွေးဖြစ်တယ်။ နယ်မြေပိုင်းခြား သတ်မှတ်မှုမှာက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုမျိုး တွေမဖြစ်အောင် တပ်တွေ နေရာချထားခြင်းကို ဆွေးနွေးဖြစ်ပါတယ်။ ဒါကို EAOs တွေကလည်း ပြန်လည်ဆွေးနွေးပါတယ်။ အသေးစိတ် သတ်မှတ်နိုင်ရေးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် JMC-S Level မှာ အဓိကပြန်လည် ဆွေးနွေးပြီး ပြည်ထောင်စု အဆင့် JMC-S Level ကို ပန်လည်တင်ပြ နိုင်ဖို့ဆွေးနွေး ဖြစ်ကြတယ်။ ဒါ့အပြင် နယ်ခြား စောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းထား တာလည်း ရှိပါတယ်။ သူတို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် တပ်ဘက်ဆိုင်ရာကျင့်ဝတ် (COC) တွေနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါတွေကို တပ်မတော်ကနေ ဦးဆောင်ပြီး ကွပ်ကဲဆောင်ရွက် နေပါတယ်''ဟု ပြောသည်။

ဆက်လက်၍ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ''နယ်ခြားစောင့်တပ်တွေ အပါအဝင် တပ်မတော်က တိုက်ရိုက်ကွပ်ကဲတဲ့ ပြည်သူ့စစ်တွေဟာ NCA နဲ့ပတ်သက်တဲ့ တပ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) နဲ့အကျုံးဝင်တယ်။ ဒါကိုလည်း ဒီနေ့ရှင်းရှင်း လင်းလင်း ဆွေးနွေးဖြစ်တယ်။ ပြီးတော့ အစိုးရဘက်ကနေပြီး ဒုတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံနဲ့ ပတ်သက်ပြီး တက်ရောက်နိုင်တဲ့ ကိစ္စမျိုးတွေကို ဆွေးနွေးကြတဲ့ အခါမှာ အစိုးရဘက်ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိရတယ်။ NCA လက်မှတ် ရေးထိုးဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကိုပဲ အဓိက ထားတက်ရောက်ခွင့်ရှိပြီး အဲဒီ EAOs အဖွဲ့အစည်း တွေကနေ ခွဲထွက်တဲ့အဖွဲ့တွေကိုတော့ လက်မခံဘူးလို့သိရတယ်။ ဒါ့အပြင်ဒေသ ဆိုင်ရာအဆင့် JMC-L အဖွဲ့တွေကို ဇွန်လမကုန်မီ ရှမ်းပြည်နယ်မှာဆို လင်းခေး၊ ကရင်ပြည်နယ်မှာဆို ဖာပွန်၊ ပဲခူးတိုင်းဒေသ ကြီးမှာဆို မော်ကလီတို့မှာ တစ်ခုစီဖွဲ့စည်းသွား ဖို့ကို သဘောထား ဆုံးဖြတ်ပေး လိုက်ပါတယ်။ ဒီဖွဲ့စည်းမှုရဲ့ အသေးစိတ် အပိုင်းတွေကို JMC-S ကနေ ဆုံးဖြတ်လုပ်ဆောင် ရမှာပါ။ JMC-S ရဲ့ရုံးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေ မလုံလောက်တာ တွေလည်းရှိတယ်။ ဒါကို ယခုနှစ်မှာ JMC ဘတ်ဂျက်က တစ်နှစ်စာ ရပြီးပြီဆိုတော့ လာမယ့်တစ်လ နှစ်လအကြာမှာ JMC-S ရုံးတွေရဲ့ ဝန်ထမ်းလို အပ်ချက်တွေကို ပြည့်စုံအောင် ခန့်အပ်သွားဖို့လည်း ဆွေးနွေးဖြစ်ကြတယ်''ဟု ပြောသည်။

အဆိုပါ ဒသမအကြိမ် JMC-U အစည်း အဝေး၏ ထပ်မံဆွေးနွေးရန် ကျန်ရှိနေသော အချက်များအား မေ ၅ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ သုံးရက်ကြာ JMC-U ဆွေးနွေးချက်များ၊ သဘောတူညီ ချက်များနှင့် JMC ၏ ရှေ့လုပ်ငန်းစဉ်ဆောင် ရွက်သွားမည့် အခြေအနေများအား တတိယနေ့ အစည်းအဝေးအပြီး ညနေပိုင်းတွင် မီဒီယာ ရှင်းလင်းပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment