Pages

Tuesday, May 16, 2017

ဆင်ဆာမီးပွိုင့်များ တပ်ဆင်မှုကြောင့် ယာဉ်ကြောရှုပ်ထွေးမှု လျှော့ချနိုင်ခဲ့ ယခုနှစ်တပ်ဆင်မည့် မီးပွိုင့်များကိုလည်း စနစ်တကျအသုံးပြုရန်လို



မန္တလေး ၁၆-၅-၂၀၁၇

မန္တလေးမြို့တွင် ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားရှိမှု ကြောင့်ယာဉ်ကြော ပိတ်ဆို့ရှုပ်ထွေး နေမှုကို ၆ဝ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ သော်လည်း ယခုနှစ်တွင် တပ်ဆင်မည့် မီးပွိုင့်များ၌လည်း စနစ်တကျ အသုံးပြုပေး ကြရန် လိုအပ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်ကြော ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်းမှစ၍ ယခင်က မန္တလေးမြို့တွင် တပ်ဆင်ထားသည့် ရိုးရိုး မီးပွိုင့်များအစား Australia နည်းပညာဖြင့် ပြုလုပ်ထားသည့်ဆင်ဆာမီးပွိုင့်များကို လူသွားလူလာ များသည့် လမ်းဆုံများတွင် နည်းပညာမြင့်မားစွာဖြင့် ၁၁ပွိုင့် စတင်တပ်ဆင်ခဲ့ကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း၌လည်း မီးပွိုင့် ၁ဝပွိုင့် စုစုပေါင်း ၂၁ပွိုင့် တပ်ဆင်ပေးခဲ့ သော်လည်း တပ်ဆင် စမ်းသပ်အသုံးပြုသည့် ကာလများတွင် လမ်းအသုံးပြုသူ များအနေဖြင့် ဆင်ဆာ၏လှုပ်ရှားမှု ပုံစံကိုကောင်းစွာ နားမလည်သေး သည့်အတွက် ရပ်မျဉ်းကျော်ရပ်ခြင်း တို့ကိုပြုလုပ်ခဲ့ သောကြောင့် အခက်အခဲ အနည်းငယ် ဖြစ်ပေါ်ခဲ့ပြီး ယခုလက်ရှိ အချိန်တွင် မန္တလေးမြို့လမ်းအသုံးပြုသူများ အနေဖြင့် သိနားလည်လာပြီ ဖြစ်သည့်အတွက် ဆင်ဆာလှုပ်ရှားမှု မြန်ဆန်ကာ ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်ပေါ်နေမှုကို ၆ဝရာခိုင်နှုန်းထိ လျှော့ချပေး နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် အတွင်း၌လည်း မန္တလေးမြို့ရှိ ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့် နေရာများ၌လည်း ဆင်ဆာမီးပွိုင့် ၁ဝပွိုင့်ခန့် တပ်ဆင်ရန်ခွင့်ပြုချက် တောင်းခံထားပြီး ၎င်းမီးပွိုင့်များ တပ်ဆင်ပြီးပါက လမ်းအသုံးသူများ အနေဖြင့် စည်းကမ်းတကျ ရပ်နားပေးရန် လိုအပ်သည့်အပြင် မီးနီ ဖြတ်မောင်းခြင်း တို့ကိုလည်း မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ စည်းကမ်းလိုက်နာ မှုမရှိသည့် ကား၊ ဆိုင်ကယ်များကိုလည်း ဆင်ဆာမီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများမှ တစ်ဆင့် ဖော်ထုတ်အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

''မန္တလေးမြို့မှာ ယာဉ်ကြော ပိတ်ဆို့ရှုပ်ထွေးမှုက လုံးဝမဖြစ်နိုင်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကားတွေ၊ ဆိုင်ကယ်တွေက တစ်နှစ်ထက် တစ်နှစ် တိုးလာတော့ ယာဉ်ကြောက ကျပ်နေအုံးမှာပါ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ဆင်ဆာမီးပွိုင့်တွေကို အသုံးပြုပေးတာပါ'' ဟု ၎င်း ကဆက်လက် ပြောပြ ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment