Pages

Tuesday, May 30, 2017

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုရာ" ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့်အခြေနေရှိ



နေပြည်တော် ၃၀-၅-၂၀၁၇

ယနေ့ ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း''မိုရာ'' (Severe Cyclonic Storm ''Mora'') သည် မြောက်အရှေ့ မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၉ဝ ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ၁ဝ၅ မိုင်ခန့်၊ မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၁ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ တောင်ဘက် မိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှ ရွေ့လျားမည့်အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်တွင် မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၁ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းဖြစ်သည်။ အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ညမှ နောက် ၁၅ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကိုဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသများတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင် မောင်တောခရိုင် ကမ်းခြေဒေသများတွင် ၃ ပေမှ ၅ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေဒေသများတွင် ၂ ပေမှ ၄ ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် နောက် ၄၈ နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

Themyawadydaily

No comments:

Post a Comment