Pages

Monday, May 29, 2017

မုန်တိုင်းငယ်၏လက်ရှိအခြေအနေ လိမ္မော်ရောင်အဆင့်သတ်မှတ်



နေပြည်တော် ၂၉-၅-၂၀၁၇

ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့၏အနောက် တောင်ဘက်မိုင်၂၆ဝခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၁ဝ ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပြီး အရှေ့မြောက် ဘက်သို့ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှရွေ့လျားမည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီအချိန်တွင် မြောက်လတ္တီကျူ ၁၅ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၉ဝ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်နှုန်းဖြစ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီးဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၄ဝအထိ တိုက်ခတ်နိုင်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

#Themyawadydaily

No comments:

Post a Comment