Pages

Monday, April 3, 2017

မန္တလေးမြို့ရှိ ကြေးသွန်းလုပ်ငန်းများ အဝယ်အော်ဒါ ထက်ဝက်ခန့်လျော့ ကျ



မန္တလေး ၃-၄-၂၀၁၇

အရောင်းအဝယ် ဖြစ်ထွန်းသည့် ရာသီရောက်ရှိ နေသော်လည်း မန္တလေးမြို့ရှိ ကြေးသွန်းလုပ်ငန်းများ အဝယ်အော်ဒါ ထက်ဝက်ခန့် လျော့ကျလျက် ရှိကြောင်း မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ ကြေးသွန်း လုပ်ငန်းရှင် များထံမှ သိရသည်။

ယခင်အရောင်း အဝယ်ဖြစ်သည့် ရာသီများတွင် တစ်လလျှင် ကြေးသွန်းရုပ်တု ၁ဝ ခုခန့်ရောင်းချ ရသော်လည်း လက်ရှိတွင် တစ်လလျှင် ရုပ်တု ငါးခုခန့်သာ သွန်းလုပ်  ရောင်းချရပြီး အရောင်းအဝယ် ပါးလျက်ရှိကြောင်း တမ္ပဝတီရပ်ကွက်ရှိ ကြေးသွန်း ဦးဝင်းမောင် ကြေးသွန်း လုပ်ငန်းမှ ဒေါ်ညွန့်ညွန့်ဝင်း က ပြောပြသည်။ 

''အော်ဒါနည်းသွားပြီး အခုကြိုက် အခုဝယ်တွေပဲ များနေတယ်။ စီးပွားရေး အဆင်မပြေတာ များလာလို့ ထင်တယ်။ အဓိက ကုန်ကြမ်းဖြစ်တဲ့ ကြေးကလဲ ဈေးတက်ပြီး ကုန်ချောက ဈေးတက်မရတော့ အရောင်းအဝယ် ကျပ်နေတာပါ''ဟု ၎င်းကပြော ပြသည်။ 

လက်ရှိတွင် ကြေးသွန်းလုပ်ငန်း၌ အဓိကကုန်ကြမ်း ဖြစ်သည့် ကြေးမှာပြည်တွင်း ကုန်ကြမ်းရှားပါး လျက်ရှိပြီး ယခင် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ ခန့် ဈေးရှိရာမှ ယခုနှစ် ဇန်နဝါရီ လပိုင်းမှစ၍ တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝဝ ခန့်ထိ ဈေးနှုန်းမြင့်တက် လျက်ရှိကာ ကြေးသွန်းရုပ်တု များလည်း ဈေးနှုန်း မြင့်တက်လာရန် အခြေအနေ ရှိနေကြောင်း သိရသည်။ 

လက်ရှိကြေးသွန်း လုပ်ငန်းတွင် ပညာသင်လူငယ်များ မရှိသလောက် ရှားပါးလျက်ရှိပြီး ကြေးသွန်း ပညာရပ်ကို စိတ်ဝင်စားမှု နည်းပါးကာ မျိုးဆက်ပြတ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ 

ကြေးသွန်းလုပ်ငန်းမှာ နွေကာလ တန်ခူး၊ ကဆုန်နှင့် သီတင်းကျွတ်လ တို့တွင်  အရောင်းအဝယ် များပြီး မိုးတွင်းကာလတွင် အရောင်း အဝယ်ပါးကြောင်း သိရသည်။ 

ကြေးသွန်း ရုပ်တုများမှာ ကြေးသား အမျိုးအစား အလိုက်ဈေးနှုန်း အမျိုးမျိုးရှိပြီး ပုံမှန်ကြေးသား အမျိုးအစားဖြင့် တစ်ပေရုပ်တု တစ်ခုလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းနှင့် နှစ်သိန်းကြား၊ နှစ်ပေ ရုပ်တုတစ်ခုလျှင် ငွေကျပ်သုံးသိန်း နှင့် သုံးသိန်း ငါးသောင်းကြား၊ သုံးပေရုပ်တု တစ်ခုလျှင် ငွေကျပ်ရှစ်သိန်းနှင့် ကိုးသိန်းကြား၊ သုံးပေခွဲ ရုပ်တုတစ်ခုလျှင် ငွေကျပ် ၁၁ သိန်း နှင့် ၁၂ သိန်းကြား၊ လေးပေရုပ်တု တစ်ခုလျှင် ငွေကျပ် ၁၈ သိန်းနှင့် သိန်း ၂ဝ ကြား၊ ငါးပေရုပ်တုတစ်ခု လျှင်ငွေကျပ် သိန်း ၃ဝ နှင့် ၃၅ သိန်းကြား တွင်ရှိကြောင်း အဆိုပါ လုပ်ငန်းများမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment