Pages

Tuesday, April 4, 2017

မကွေးမြို့တွင် ကာရာအိုကေဆိုင် မီးလောင်ကျွမ်းရာမှ လူ ၁၅ ဦးသေဆုံး



မကွေး ၄-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အအေးခန်းစား သောက်ဆိုင်တွင် ဧပြီ ၂ ရက် ည ၁ဝ နာရီ ၅ မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ၁၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

''မီးလောင်မှုကို အရပ်ကပြော တာကတော့ ဂက်စ်အိုး ပေါက်ကွဲပြီး မီးလောင်တာပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ မီးဖိုချောင်က အောက်ထပ်မှာ ရှိပါတယ်။ မီးလောင်တာ အပေါ်ထပ် ကပါ။ မိန်းခုံကနေ သပ်သပ်ခွဲ ထားတဲ့ မိန်းခုံတစ်ခု ရှိတယ်။အဲဒီ မိန်းခုံကနေ စလောင်တာပါ။ မီးစတင် လောင်တာကို အတည်ပြုတာက မျက်မြင်သက်သေ စားပွဲထိုး တစ်ယောက်ရဲ့ထွက်ဆိုချက်ရယ်၊ သက်မဲ့ ပစ္စည်းတွေကို မီးသတ်တပ်ဖွဲ့ရဲ့ နည်းပညာ အရ စစ်ဆေးတဲ့ အခါ မိန်းခုံကနေ အိုဗာလုတ် ဖြစ်ပြီး လောင်တယ်လို့ ကျွန်တော့် အနေနဲ့ သုံးသပ် ထားပါတယ်'' ဟု မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောပြသည်။

မီးလောင်ကျွမ်းခဲ့ ခြင်းကြောင့် ကာရာအိုကေ အခန်းများတွင် ပိတ်မိနေသည့် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး လေးဦးတို့ မှာမီးခိုးများ မွန်းကျပ်ကာ မီးလောင်ကျွမ်း သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ မီးလောင်ဒဏ်ရာ များရရှိကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ပေ ၄ဝx၆ဝ အိမ်ဝိုင်းကွက် ထဲမှာ အခန်းတွေ အများကြီး ဖွဲ့ပြီးတော့ ကာရာအိုကေ ဆိုင်ဖွင့်တယ်။ နောက်အပေါ်ထပ် တက်တဲ့ လှေကားက တစ်ခုပဲ ရှိတယ်။ အသံလုံအောင် အထပ်သားတွေ ကာထားတယ်။ဆိုဖာလိုဟုန်း အထပ်ထပ် ကာတယ်။ ခြောက်လက်မတောင် ထူတယ်လို့ သိရတယ်။ဝိုင်ယာကြိုး တွေက အသံလုံအောင် လုပ်ထားတဲ့ ဟုန်းတွေ အောက်ကနေ သွားတာ။ အဲကွန်း ငါးလုံးနဲ့ အသံပိုင်းဆိုင်ရာ စက်တွေကို တစ်ပြိုင်တည်းသုံးတယ်။ ဆိုဖာလို ဟုန်းတွေက မီးလောင်လွယ်တယ်။ ထွက်လာတဲ့ မီးခိုးငွေ့တွေက လူတွေအတွက် အဆိပ်တွေပါ။ အဲဒီမီးခိုးကို ရှူမိပြီး သေတယ်။ သူတို့ရဲ့ အသက်ရှူ လမ်းကြောင်းနဲ့ အဆုတ်ထဲမှာမီးခိုးငွေ့တွေ တွေ့ရမှာပါ''ဟု ၎င်းကရှင်းလင်း ပြောပြသည်။

မီးလောင်ကျွမ်းရာ အဆောက်အအုံ၏ အရှေ့မျက်နှာစာ ဘက်မှလောင်ကျွမ်း နေခြင်းဖြစ်ကြောင်း၊ အထဲတွင် ဆူဆူညံညံ အသံများ ကြားနေရ သော်လည်း အပြင်မှအထဲသို့ ဝင်ရောက် ကူညီရန် မဖြစ်နိုင်ခဲ့ ကြောင်းကို မီးလောင်ကျွမ်းမှုကို စတင်မြင်တွေ့ ခဲ့ရသည့် မျက်မြင်သက်သေ တစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနနှင့်ခရိုင်၊ မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၁၂ စီးနှင့် ရပ်ကွက်နေ ပြည်သူများက ပူးပေါင်းငြှိမ်းသတ် ခဲ့ပြီး ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ် နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံအား လက်ရှိငှားရမ်း အသုံးပြုနေသည့် ဦးရဲညွန့်ကို မကွေး 
မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄ ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment