Pages

Monday, April 3, 2017

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား ထပ်မံမထိခိုက်စေရေးအတွက် မြေကြောဖြတ်ရန်စီစဉ်



ညောင်ဦး ၊ ၃-၄-၂၀၁၇

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား နောက်ပိုင်းတွင် ထပ်မံ မထိခိုက်စေရေး အတွက် မြေကြောဖြတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့သဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ၃၈၉ ဆူခန့် ထိခိုက်ပျက်စီးခဲ့ပြီး ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ယာဉ်အသွားအလာ များကြောင့် မြေတုန်ခါမှု မရှိစေရန် လောကထိပ်ပန် ဘုရားအနီး၌ မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ထားကြောင်း သိရသည်။

ထို့ပြင် တခြားနေရာ များ၌လည်း မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များနှင့် တွေ့ကြုံခဲ့ရသည့် ဘုရား ၃၈၉ ဆူလုံးကို လေ့လာ စောင့်ကြည့် လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောသည်။

''တုန်ခါမှုတွေကြောင့် ဘုရားတွေကို မထိခိုက်စေဖို့ ဘုရားပတ်လည်မှာ မြောင်းတွေတူးပြီး မြေကိုဖယ်ထုတ် လိုက်တယ်။ အဲဒီနေရာမှာ ကျောက်ခဲ အကြီးတွေ ချထားပြီး သဲဖို့မယ်။ ဒါက မြေကြော ဖြတ်ခြင်းရဲ့ သဘော သဘာဝပေါ့။ ဇုန်တစ်ခုလုံးကို မြေကြောဖြတ်ပေး နိုင်ရင်တော့ အကောင်းဆုံးပါ'' ဟု Technical Support Team- Bagan အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှေးဟောင်း အမွေအနှစ်များ မပျက်စီးစေရန် သရပါတံခါးနှင့် စူဠာမဏိ ပုထိုးတော်ကြီးအနီး ပေ ၁ဝဝ ပတ်လည် အတွင်း မော်တော်ယာဉ် သွားလာခြင်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက လည်းကောင်း၊ ပုထိုးသားများ ဘုရားနှင့် နတ်လှောင်ကျောင်း အနီး မော်တော်ယာဉ် သွားလာခြင်းကို အောက်တိုဘာ လအတွင်းက လည်းကောင်း၊ သဗ္ဗညုဘုရား အနီး မော်တော်ယာဉ် သွားလာခြင်းကို ဒီဇင်ဘာ ဒုတိယပတ် အတွင်းက လည်းကောင်း ကန့်သတ် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment