Pages

Thursday, March 23, 2017

မဘိမ်းမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် သစ်ခိုးယာဉ်များ ဆက်လက်သိမ်းဆည်းရမိ







နေပြည်တော် ၊ ၂၃-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တုံကွာကျေးရွာ ၏ အရှေ့တောင်ဘက် ခြောက်မိုင်ခွဲခန့် နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်မှ သစ်မျိုးစုံခန့်မှန်း သစ်တန်ချိန် ၉၄၄ ဒသမ ၈ တန်ခန့်၊ ယာဉ်၊ ယန္တရားမျိုးစုံ ၁၃ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဆက်လက်ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ မတ် ၁၉ ရက်နှင့် ၂ ဝရက်တို့တွင် မဘိမ်းမြို့နယ်၊ ကျောက်လုံးကြီး ကျေးရွာ၏ အရှေ့မြောက်ဘက် ရှစ်မိုင်ခန့် အကွာသို့ ရောက်ရှိ ရှင်းလင်းစဉ် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် နေရာတစ်ဝိုက်မှ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂၁၁၃၅ ချောင်း (ခန့်မှန်း ၁၈ဝ တန်ကျော်)၊ ပိတောက်သစ်လုံး ဆိုဒ်စုံ ၃၆၄လုံး (ခန့်မှန်း ၅၆ တန်ကျော်) ၊ ပိတောက်သစ် ခွဲသားဆိုဒ်စုံ ၉၇၈ ချောင်း (ခန့်မှန်း ၁၇ တန်ခွဲကျော်) စုစုပေါင်း သစ်မျိုးစုံ ခန့်မှန်း ၂၅၄ တန်ကျော်၊ ကရိန်းယာဉ် တစ်စီး၊ တုန်ဖုန်း အမျိုးအစား မော်တော်ယာဉ် နှစ်စီး၊ ဟီးနိုး အမျိုးအစား မော်တော်ယာဉ် နှစ်စီး ၊ ချက်ပလက် အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ကာဂိုအမျိုးအစား မော်တော်ယာဉ် နှစ်စီး၊ သရီးကရောင်း ယာဉ် နှစ်စီး၊ စုစုပေါင်း သစ်ခိုးယာဉ်၊ ယန္တရားမျိုးစုံ ၁ဝ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် သစ်ခွဲစက် သုံးလုံး၊ မီးစက် နှစ်လုံးတို့ကို ပိုင်ရှင်မဲ့ထပ်မံ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေ နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းနယ်မြေ တို့တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ် ၂ဝ ရက်အထိ ကျွန်းသစ်လုံး/ ခွဲသားဆိုဒ်စုံ ခန့်မှန်း ၁၇၉၅ ဒသမ ၃၉ တန်၊ ပိတောက်/တမလန်း အပါအဝင် သစ်မာအမျိုးအစား ခန့်မှန်း ၄၄၅ ဒသမ ၂၄ တန် စုစုပေါင်း သစ်မျိုးစုံခန့်မှန်း ၂၂၄ဝ ဒသမ ၆၃တန်၊ သစ်ခိုးယာဉ်၊ ယန္တရား  မျိုးစုံ ၁၇၄ စီး၊ တရုတ်နိုင်ငံသား ၁၁ ဦး အပါအဝင် စုစုပေါင်း သစ်ခိုးထုတ်သူ ၁၃ ဦးနှင့် ဆက်စပ်ပစ္စည်း များကို ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိ ခဲ့သည်။

မြန်မာ့အဖိုးတန် သယံဇာတများကို တရားမဝင် ခိုးထုတ် ရောင်းဝယ်မှု များသည် နိုင်ငံတော်၏ စီးပွားရေးကို များစွာထိခိုက် နစ်နာစေပြီး ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်သည့် အပြင် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကိုပါ ထိခိုက်ပျက်စီး စေသဖြင့် တပ်မတော် စစ်ကြောင်းများက အဖိုးတန် သယံဇာတများ တရားမဝင် ခိုးထုတ်ရောင်းဝယ် မှုများ ထပ်မံမဖြစ်ပွား စေရေး နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment